ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့သစ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း ကရင်နယ်ခြားစောင့်တပ် BGF ပြောရေးဆိုခွင့်ရှိသူ နိုင်မောင်ဇော်က ပြောသည်။
ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် ထိုင်း-မြန်မာနယ်စပ်တလျှောက်က ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းပြီး ရှင်းလင်းသွားမည်ဟု ဆိုသည်။
BGF ပြောရေးဆိုခွင့်ရှိသူ နိုင်မောင်ဇော်က “အကိုတို့ ရှင်းတော့မှာလေ။ ဘယ်နေ့စမယ်ဆိုတာတော့ ပြောလို့ရမသေးဘူး။ ဒီဘက်က လုပ်ရ ကိုင်ရ ကြပ်သွားမှာစိုးလို့။ အစိုးရနဲ့ ပေါင်းပြီး အခုဖြစ်နေတဲ့ကိစ္စတွေကို ရှင်းလင်းမှာပါ” ဟု IMNA သို့ ပြောသည်။
ရွှေကုက္ကိုလ်တွင် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ ၁၀၀၀ မှ ၂၀၀၀ ကြားရှိပြီး ၎င်းတို့ကို သီးသန့်ရွေးထုတ်ကာ ရှင်းလင်းသွားမည်ဟုလည်း ဆိုသည်။

“ရွှေကုက္ကိုလ်ကို နိုင်ငံခြားရင်းနှီုးမြှုပ်နှံဖို့ ဖိတ်ခေါ်ခဲ့တာက ဖွံ့ဖြိုးတိုက်စေချင်လို့ ဖိတ်ခေါ်ခဲ့တာပါ။ အဲဒီအပေါ်မှာ နိုင်ငံခြားသားတွေက သူတို့ရဲ့ တိုးတက်တဲ့ နည်းပညာတွေနဲ့ ကမ္ဘာပေါ်မှာ လိမ်လည်မှုပြုလုပ်လာတယ်ဆိုတာကို ကျနော်တို့ အခုနောက်ပိုင်းမှ တွင်တွင်ကျယ်ကျယ်လေး သိလိုက်ရတာပါ။ အဲဒါကြောင့် အခုနေ အချိန်အခါမှာ ကမ္ဘာကြီးနဲ့အတူ အိမ်နီးချင်းနိုင်ငံနဲ့အတူ ကိုယ်တို့ အစိုးရနဲ့အတူ Plan A Plan B Plan C ရှိတဲ့နေရာမှာ Plan B နဲ့ Plan C ကိုပေါင်းပြီးတော့ အပြီးတိုင် ဖယ်ရှားရှင်းလင်းမှု လုပ်ဆောင်မယ်။ လုံး၀ ပပျောက်တဲ့အထိ ရက်ပိုင်းအတွင်းမှာ အပြီးတိုင် ဖယ်ရှားရှင်းလင်းမယ်။ နောက်ထပ်ဆိုတာ မရှိတော့ဘူး” ဟု BGF နိုင်မောင်ဇော်က ပြောဆိုသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုဝင်ဘာလ ၁၅ ရက်နေ့ ဘားအံခရီးစဉ်တွင် ကျားဖြန့်အရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ပြီး ရှင်းလင်းမည်ဟု ပြောဆိုထားသည်။
၎င်းပြင် နိုဝင်ဘာလ ၁၄ ရက်နေ့က ကူမင်းတွင် ကျင်းပြပြုလုပ်ခဲ့သည့် တရုတ်အစိုးရအပါအဝင် အာဆီယံ ၆ နိုင်ငံက ဝန်ကြီးအဆင့် အစည်းအဝေးတွင် ကျားဖြန့်အရေး အရေးယူရန် သဘောတူခဲ့ကြသည်။
အမေရိကန်အစိုးရကလည်း ကျားဖြန့်နှိမ်နှင်းရေးတပ်ဖွဲ့ ဖွဲ့စည်းကာ ကျားဖြန့်အရေး ကိုင်တွယ်လာပြီးနောက် BGF က ကျားဖြန့် ငွေလိမ်လုပ်ငန်းများကို အပြီးသတ်ရှင်းလင်းမည်ဆိုပြီး ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
သို့သော်လည်း ယခုအကြိမ် ကျားဖြန့်ရှင်းလင်းရေးသည် နိုင်ငံတကာဖိအားမပါဝင်ကြောင်း နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံစဉ် BGF တာဝန်ရှိသူတို့က ပြောဆိုခဲ့သည်။


