စစ်အာဏာသိမ်းချိန်မှစပြီး လူမှုကွန်ရက်မှတစ်ဆင့် စစ်တပ်အဖွဲ့ကို ဝေဖန်ပြောဆိုသူများ ဆက်တိုက်ဖမ်းဆီးခံနေစဉ် လက်ရှိအတုအယောင်ရွေးကောက်ပွဲကာလတွင်လည်း အွန်လိုင်းနှင့် မြေပြင်အပါဝင် စောင့်ကြည့်ဖမ်းဆီးနေရခြင်းကြောင့် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခြေအနေအတွက် မေးခွန်းထုတ်စရာဖြစ်လာသည်။
စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲအား နှောင့်ယှက်ဖျက်ဆီးသူများကို အရေးယူရန် ရွေးကောက်ပွဲ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ကာကွယ်ရေးဥပဒေကို ဇူလိုင်လ၂၉ ရက်တွင် ပြဌာန်းခဲ့ပြီးနောက် အောက်တိုဘာလကုန်အထိ အမျိုးသား ၈၃ ဦးနှင့် အမျိုးသမီး ၅ ဦးကို အရေးယူထားကြောင်း စစ်ကော်မရှင် အချက်အလက်များအရ သိရသည်။
ရွေးကောက်ပွဲအကြောင်းနှင့် ပတ်သတ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မှတ်ချက်ပြုပြောဆိုခြင်း၊ စာရေးသားခြင်းနှင့် ရုပ်ပုံပိုစတာများအား ဖျက်ဆီးမှုကြောင့် အဆိုပါဥပဒေနှင့် ညိစွန်းပြီး အရေးယူခံနေရခြင်းဖြစ်သည်။
စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များမှ ရွေးကောက်ပွဲအကြောင်း ဝေဖန်ပြောဆိုထားသည့် ပို့စ့်များအား react ပေးသူများပင် အဆိုပါဥပဒေဖြင့် ဖမ်းဆီးပေးရန်တောက်လျှောက်လှုံ့ဆော်နေခြင်းကြောင့် ဖမ်းဆီးခံရမှု များလာခြင်းဖြစ်သည်။
လူမှုကွန်ယက်အသုံးပြုရာတွင် မိမိ၏ မှတ်ချက်ပြုပြောဆိုခြင်းများကို စောင့်ကြည့်နေခြင်းကြောင့် ရွေးကောက်ပွဲအကြောင်းအရာနှင့် ပတ်သက်သည့်စကားလုံး အသုံးအနှုန်းများကို ရေးသားမပြောဆိုမိရန် သတိပြုနေရကြောင်း ကြာအင်းဆိပ်ကြီးမှ မွန်လူငယ်တစ်ဦးက ပြောသည်။

“ဒီအချိန်ဒီကာလတစ်ခုမှာတော့ အပြောအဆိုကအစ သတိထားနေရတာ စကားအမှားမဖြစ်အောင် ရွေးကောက်ပွဲပတ်သက်တဲ့အကြောင်း ဝင်ရောက်စွက်ဖက်မိခဲ့ရင် ကိုယ့်အတွက်အန္တရာယ်များပါတယ်၊ အွန်လိုင်းမှာဆိုပိုဆိုးတာပေါ့ ပိုစ့်တင်တာတွေ ကွန်မန်တစ်ခုရေးမိတာနဲ့ ကိုယ့်ကိုစောင့်ကြည့်နေတဲ့ သူတွေလဲရှိမှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အကြောင်းအရာမှန်သမျှ အထူးဂရုစိုက်ရတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲနှောင့်ယှက် ဟန့်တားခြင်းကြောင့် အရေးယူခံထားရသူများသည် သာမန်ဒေသခံပြည်သူများအပါအဝင် နာမည်ကြီး အနုပညာရှင်များလည်း များစွာပါဝင်နေကြောင်း သိရသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီနှင့် လူမှုဘဝများအတွက် လွန်စွာအရေးကြီးသော မွေးရာပါအခြေခံအခွင့်အရေးဖြစ်သည်။
ပြည်သူလူထုများ ထိန့်လန့်ကြောက်ရွံ့၍ နှုတ်ဆိတ်လာခြင်းသည် စစ်ကော်မရှင်မှ ၎င်းတို့အလိုရှိသည့် အခြေအနေဖြစ်၍ မတရားဖိနှိပ်ပြီး ရွေးကောက်ပွဲအောင်မြင်ရေး လုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိ အခြေအနေအရ ပြည်သူလူထုသာမက ပါတီဝင်ပြိုင်မည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများလည်း လွတ်လပ်စွာမပြောဆိုရဲဘဲ ထိန်းထားရသည့် အနေအထား ဖြစ်သည်ဟုလည်း လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကပြောသည်။
“ နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ ပြည်သူလုထုသာမကပဲ နိုင်ငံရေးပါတီဝင်တွေ ကိုယ်စားလှယ်လောင်းတွေ မွန်ပါတီတွေ၊ ပအို့ဝ်ပါတီတွေ၊ ကရင်ပါတီတွေရောပေါ့ ပြောဆိုတဲ့ကိစ္စမှာ သူတို့မနည်းထိန်းထားရတယ်။ ဒီမိုကရေစီမပြောနဲ့ အခြေခံအခွင့်အရေးလောက်တောင်မရှိဘူး အခြေခံမူဝါဒမှာက နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေးအခွင့်အရေး ကိုယ့်ရဲ့ ရပ်တည်ချက်ကို ဖွင့်ဟခွင့်ရှိရမယ် အဲ့အခွင့်အရေးနှစ်ခု ဆုံးရှုံးတာကအဆိုးဆုံးလို့ပဲပြောချင်တယ်” ဟု ပြောသည်။
“၂၀၂၁ အရေးတော်ပုံ" ဆိုသည့် စကားရပ်ကို ထည့်သွင်းပြောဆိုခဲ့သူ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်ထောက်ခံတယ်လီဂရမ်ချန်နယ်များမှ အကြမ်းဖက်အားပေးသူအဖြစ် သုံးနှုန်းပြီး ဝေဖန်မှုများရှိလာခဲ့ရာကနေ ယခုရက်ပိုင်းအတွင်း စစ်ဆေးမေးမြန်းခံရနိုင်ကြောင်းလည်း သိရသည်။
ရပ်ကွက်၊ ကျေးရွာများတွင် စစ်တပ်ကျောထောက်နောက်ခံပါတီများအကြောင်း လုံးဝမပြောဆိုရဲကြောင်း၊ ၂၀၂ ေရွေးကောက်ပွဲသည် ကိုယ်ပိုင်အခွင့်အရေး ပိတ်ပင်ခံထားရပြီး ဒီမိုကရေစီအနှစ်သာရလုံးဝမပါဝင်ဟု ကျိုက်မရောမြို့နယ်မှလူငယ်တစ်ဦးက ပြောသည်။
“ ကိုယ်ပိုင်အခွင့်အရေးတောင်မပိုင်နေဘူး။ အကြောက်တရားနဲ့ မဲထည့်ရမဲ့ရွေးကောက်ပွဲလို့ပြောလို့ရတယ်။ ကိုယ်ကြိုက်တဲ့ပါတီဖြစ်စေ၊ မကြိုက်တဲ့ပါတီဖြစ်စေ လူမှုကွန်ယက် ပေါ်မှာလုံးဝကို ထုတ်ဖော် မပြောဆိုမိအောင်စိုးရိမ်စိတ်နဲ့ နေနေရတယ်။ လမ်းမှာ ဖြစ်ဖြစ်၊ ရပ်ကွက်မှာ၊ ဈေးမှာပဲဖြစ်ဖြစ် ပါတီနိုင်ငံရေးနဲ့ ပတ်သက်တာ ပြောမယ်ဆိုရင် လုံခြုံမှု မရှိနေဘူး ရွေးကောက်ပွဲဥပဒေနဲ့ အချိန်မရွေး ထောင်ထဲဆွဲထည့်လို့ရတဲ့ပုဒ်မရှိတော့ လုံးဝကို အသံမထွက်ရဲဘူး” ဟု ပြောသည်။
ပြည်သူလူထုများသည် စစ်ကော်မရှင်ချမှတ်ထားသည့် ရွေးကောက်ပွဲ ဥပဒေများအပြင် တစ်ဖက် တော်လှန်ရေးအင်အားစုများမှ ရွေးကောက်ပွဲကို ကြည်ဖြူစွာကျင်းပခွင့်မပြုသောကြောင့် ပါဝင်အားဖြည့်သူများအရေးယူမည်ဆိုသည့်အချက်များအကြား၌ ခြိမ်းခြောက်မှုများစွာရင်ဆိုင်နေရသည်။
စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ရွေးကောက်ပွဲပျက်ပြားစေရန် လှုံ့ဆော်မှုများ၊ ဝါဒဖြန့်နေမှုများကို စုံစမ်းဖော်ထုတ်ကာ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြုလုပ်သော ရွေးကောက်ပွဲအစည်းအဝေး၌ စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီးကပြောသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ နည်းပညာအခြေပြုစောင့်ကြည့်မှုသာမက လူအင်အားအသုံးပြု စောင့်ကြည့်မှုများကို မြေပြင်နှင့်အွန်လိုင်းတွင်လုပ်ဆောင်နေသော စစ်ကော်မရှင်သည် ပြီးခဲ့သည့် ၃ လတာအတွင်း အွန်လိုင်းပေါ်မှလွတ်လပ်စွာထုတ်ဖော်ပြောဆိုသူ ၄၇ ဦးကိုဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင့် မြန်မာအင်တာနက်ပရောဂျက် MIP မှ အစီရင်ခံစာတွင်လည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် နိုင်ဝင်ဘာ ၅ ရက်နေ့က ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှုးရုံး၌ ကပ်ထားသည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းစာရွက်များကို ဆုတ်ဖြဲသူ ချောင်းဆုံဒေသခံတစ်ဦး ရွေးကောက်ပွဲနှောက်ယှက်ဟန့်တားမှုဥပဒေဖြင့် အမှုဖွင့်ခံထားရသေးသည်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို စစ်ကော်မရှင်မှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအသုံးပြု၍ ပိတ်ပင်နေခြင်းအပြင် ဆက်သွယ်ရေးလိုင်းများလည်း ဖြတ်တောက်၍လည်းကောင်း အခြားနည်းလမ်းသစ်များ အသုံးပြုခြင်းဖြင့်လည်းကောင်း ယနေ့အထိ လုပ်ဆောင်နေခြင်းဖြစ်သည်။


