spot_img
Wednesday, December 10, 2025
More
    spot_img
    Homeသတင်းရွေးကောက်ပွဲတွင် မဲမပေးသည့် ပြည်သူများကို စစ်အုပ်စု ဖိအား ပေးလာနိုင်

    ရွေးကောက်ပွဲတွင် မဲမပေးသည့် ပြည်သူများကို စစ်အုပ်စု ဖိအား ပေးလာနိုင်

    -

    စစ်အုပ်စုက ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲတွင် မဲမပေးသည့် ပြည်သူများကို ပစ်မှတ်ထား၍ ဖိအားပေးလာနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

    အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်မှုနှင့် ပတ်သက်၍ အွန်လိုင်းပေါ် မှတ်ချက်ရေးသားမှု၊ ပြန်လည်မျှဝေမှုများပါ ဖမ်းဆီးနေပြီး ပြည်သူများကို မကြောက်ကြောက်အောင် စစ်ကော်မရှင်က ဖိအားပေးနေကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က ပြောသည်။

    “အတုအယောင်ရွေးကောက်ပွဲလို့ ပြောရင်တောင်မှ အဖမ်းခံရမယ်၊ ရွေးကောက်ပွဲကို ဆန့်ကျင်တယ်ဆိုရင် သူတို့က အဲဒီဟာကို ဥပဒေအရတောင် ပြင်းပြင်းထန်ထန် တားမြစ်ထားတယ်၊ ပြစ်ဒဏ်အကြီးကြီးပေးထားတယ်။ အဲဒီတော့ ပြည်သူတွေကို မဲမထည့်ရင် မနေနဲ့ဆိုတော့ ပုံစံမျိုး သူတို့ အဆင့်ဆင့်သော ပြည်သူကို ခြိမ်းခြောက်နေတဲ့ဟာမျိုး တွေ့ရတယ်။ တချို့နေရာတွေမှာဆိုရင် မဲမပေးရင်တောင်မှ မှတ်ထားပြီးတော့ သူတို့ရဲ့ စစ်မှုမထမ်းမနေရထဲမှာ စာရင်းထဲမှာတို့ ဘာတို့ ဒါမျိုးတွေလည်း ကြားနေရတာပေါ့” ဟု ပြောသည်။

    စစ်အုပ်စုက ဖွဲ့စည်းထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က ယခုနှစ် ဒီဇင်ဘာလ (၂၈) ရက်မှာ ရွေးကောက်ပွဲ အပိုင်း(၁)တွင် မြို့နယ် ၁၀၂ မြို့နယ်၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်မှာ အပိုင်း (၂) တွင် ၁၀ဝ မြို့နယ်နှင့် ကျန်ရှိတဲ့ မြို့နယ်များကို အပိုင်း (၂) ရွေးကောက်ပွဲနှင့် နှစ်ပတ်ခြားအကြာ ကျင်းပသွားမည်ဟု ပြောကြားထားသည်။

    ပြည်သူများ မဲပေးရန် စစ်အုပ်စုက လုပ်ဆောင်၍ ရကြောင်း၊ အစိုးရဝန်ထမ်းများ မဲမပေးပါက အရေးယူခံရနိုင်သည်ဟု ဖိအားပေးခြင်းများ လုပ်ဆောင်လာနိုင်ကြောင်း ချောင်းဆုံမြို့နယ်မှ မွန်လူငယ်တစ်ဦးက ပြောသည်။

    “ပြည်သူတွေ မဲမပေး ပေးရအောင် စစ်အုပ်စုက သူတို့လုပ်မယ်ဆို အကုန်လုပ်လို့ ရပါတယ်။ ဥပမာ မဲပေးပြီးကြောင်း အထောက်အထား ဒါမှမဟုတ် လက်သန်းမှင်စွန်းတာကို ပြနိုင်မှ မှတ်ပုံတင်၊ နိုင်ငံကူးလက်မှတ်၊ ဒါမှမဟုတ် အိမ်ထောင်စုစာရင်းလို အရေးကြီးတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်ပေးမယ်ဆိုတာမျိုးပေါ့။ နောက်ပြီး ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကနေတစ်ဆင့် မဲမပေးသူတွေကို စာရင်းပြုစု စောင့်ကြည့်ခိုင်းပြီး ဒီလူတွေကို နိုင်ငံတော်ကို ဆန့်ကျင်သူ (သို့မဟုတ်) အကြမ်းဖက် ထောက်ခံသူအဖြစ် သတ်မှတ်ခံရနိုင်ကြောင်း ပြောဆိုခြိမ်းခြောက်တာမျိုး၊ အထူးသဖြင့် အစိုးရဝန်ထမ်းတွေကို မဲမပေးရင် အရေးယူခံရနိုင်တယ်လို့ ဖိအားပေးတာမျိုးတွေက သူတို့အတွက် အထိရောက်ဆုံးနဲ့ အဖြစ်နိုင်ဆုံး နည်းလမ်းတွေ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

    စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုးသည် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအရ လူဦးရေ ၉၀ နီးပါးကို အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

    ပြည်သူလူထုတို့အနေဖြင့် မဲမပေးဘဲ နေမည်ဆိုပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတဆင့် စောင့်ကြည့်နေနိုင်ကြောင်း၊ ထို့အတွက်ကြောင့် ပြည်သူတို့တွင် အခက်အခဲ ကြုံတွေ့နိုင်ကြောင်း ဦးမျိုးကျော်က ဆက်ပြောသည်။

    “အခုက အရင်လို မှင်နဲ့ ခြစ်ရတဲ့ဟာမျိုးလည်း မဟုတ်ဘူး။ တံဆိပ်တုံးထုရတဲ့ဟာမျိုးလည်း မဟုတ်ဘူး။ မဲရုံထဲ ဝင်သွားတာနဲ့ သေချာပေါက် ပါတီတစ်ခုခုကို မဲပေးကို ပေးရမှာ သူ့မှာ အဲဒီပေးရမယ့် စနစ်ပဲပါတယ်။ မပေးဘဲနဲ့ ပြန်ထွက်လို့လည်း ရမှာ မဟုတ်ဘူး။ ခုလုပ်တွေရှိတယ်၊ အဲဒီခလုပ်ကနေ ကိုယ်ကြိုက်တဲ့ လိုဂိုပါတဲ့ တံဆိပ်တစ်ခုခု ပါတဲ့ခလုပ်ကို နှိပ်ရမှာလေ၊ ဒါမှသူက ရွေးကောက်ပွဲစနစ်အရ မဲရုံထဲက ပြန်ထွက်လို့ရမယ်ဆိုတဲ့ ပုံစံမျိုးရှိနေတာကိုး၊ သူ့မှာလည်း စောင့်ကြည့်နေတဲ့ဟာတွေ ရှိမှာကိုး၊ မပေးပြန်ဘူးဆိုရင် ဥပမာ ပယ်မဲလုပ်မယ်ဆိုတာထက် မဲရုံကို မသွားဘဲနဲ့နေတာမှ ပိုသေချာဦးမယ်၊ ဒါပေမဲ့ ရပ်ကွက်မှာ ရှိတဲ့ အုပ်ချုပ်တဲ့သူတွေ အဆင့်ဆင့်ကလည်း စောင့်ကြည့်နေမယ် အဲဒီလိုမျိုးဆိုရင် နေရဲမလားဆိုတဲ့ဟာလည်း ပြဿနာရှိတယ်လေ” ဟု ပြောသည်။

    စစ်အုပ်စုက ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) ပိုင်းအတွက် မဲဆွယ်စည်းရုံးရေးကာလကို အောက်တိုဘာ ၂၈ ရက်မှာ စတင်၍ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးကာလအဖြစ် သတ်မှတ်ထားပြီး လက်ရှိတွင် နိုင်ငံရေးပါတီများလည်း အွန်လိုင်း နှင့် မြေပြင်စည်းရုံးမှုကို အသုံးပြုလုပ် လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

    တဖက်မှာလည်း အဆိုပါ အတုအယောင်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုအသီးသီးက ဆန့်ကျင်ကန့်ကွက်ကြသလို ပြည်သူလူထုအများစုကလည်း လက်မခံကြကြောင်း စစ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts