ဆောင်းပါး၊ မာံသဟာဲ (မင်းစဟိုင်း)
မြန်မာ့နိုင်ငံရေး၏ သမိုင်းစာမျက်နှာများတွင် “သင်ခန်းစာ” ဟူသည့် စကားလုံးသည် မှတ်သားနာယူရန်ထက် မေ့လျော့ပစ်ရန် ပို၍လွယ်ကူသော စကားလုံးတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ သမိုင်း၏ အမှားများ၊ နိုင်ငံရေး၏ အတက်အကျနှင့် ကျရှုံးမှုများသည် နောင်လာနောက်သား နိုင်ငံရေးသမားများအတွက် လမ်းညွှန်မီးပြ ဖြစ်ရမည့်အစား ရှင်သန်ရပ်တည်ရေးဟူသည့် အမှောင်ထဲတွင် လမ်းပျောက်သွားလေ့ရှိသည်။
ထိုထက်ပို၍ နိုင်ငံရေးအရ ဆင်ခြင်သုံးသပ်ဖွယ် အကောင်းဆုံးအချက်မှာ မိမိကိုယ်တိုင် အပြင်းအထန် ဝေဖန်ခဲ့ဖူးသော လမ်းဟောင်းတစ်ခုပေါ်သို့ မိမိကိုယ်တိုင် ပြန်လည်ခြေချလျှောက်လှမ်းနေခြင်းသည် နိုင်ငံရေး၏ အဆိုးရွားဆုံးသော သံသရာလည်မှုတစ်ရပ်ပင် ဖြစ်သည်။
ဤဖြစ်စဉ်က “NLD သို့မဟုတ် ဒေါ်စုကိုယ်တိုင် မှားခဲ့တဲ့လမ်းကို NLD ကို အခဲမကျေသူတို့က ထိုလမ်းကို ဆက်လျှောက်ကြအုံးမည်” ဆိုသည့် ဆောင်းပါး၏ သုံးသပ်ချက်ကို အတိအကျ မီးမောင်းထိုးပြသွားမည်။

လမ်းမှားပုံရိပ် – NLD ၏ သင်ခန်းစာ
ပထမဦးစွာ “NLD မှားခဲ့တဲ့လမ်း” ဆိုသည်ကို ရှင်းရှင်းလင်းလင်း ပြန်လည် ဆန်းစစ်ရန် လိုအပ်ပါသည်။ ၂၀၁၅-၂၀၂၀ သက်တမ်းတစ်လျှောက်လုံး NLD အစိုးရသည် တပ်မတော်နှင့် “ရင်ကြားစေ့ရေး” ကို မူဝါဒတစ်ခုတည်းသဖွယ် အစွမ်းကုန် စွဲကိုင်ခဲ့သည်။ နိုင်ငံရေး လက်တွေ့ကျရမည်ဟု ခေါင်းစဉ်တပ်ခဲ့သော်လည်း ထိုယုံကြည်မှု၏ အဆုံးသတ်ရလဒ်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၏ နိုင်ငံတော်အာဏာသိမ်းမှုပင် ဖြစ်သည်။
ထိုမျှမက နိုင်ငံရေးအာဏာကို လက်ဝယ်ရရှိထားချိန်တွင် မိမိတို့၏ မဟာမိတ်ဖြစ်ခဲ့သူများကို “မထီမဲ့မြင်” ပြုမူ ဆက်ဆံခဲ့ခြင်းသည် NLD ၏ ဒုတိယ အကြီးမားဆုံး အမှားအယွင်း ဖြစ်ခဲ့သည်။ ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ၊ ၈၈ မျိုးဆက် လုပ်ဖော်ကိုင်ဖက်ဟောင်းများနှင့်အထူးသဖြင့် တိုင်းရင်းသား နိုင်ငံရေးအင်အားစုများ၏ အရေးကို မျှော်လင့်သလောက် ဖြည့်ဆည်းပေးနိုင်ခြင်း မရှိခဲ့။ ပါတီတွင်း ဗဟိုချုပ်ကိုင်မှု (Centralization) က အခြားသော အသံများကို တိတ်ဆိတ်စေခဲ့သည်။
ဤအမှားနှစ်ခု “ရန်သူကို အထင်ကြီးပြီး မိတ်ဆွေကို အထင်သေးခြင်း” ၏ ပေါင်းစပ်ရလဒ်မှာ နိုင်ငံရေးအရ အထီးကျန်ခြင်း၊ အဆုံးသတ်တွင် ပါတီကိုယ်တိုင် ဖျက်သိမ်းခံရပြီး နိုင်ငံရေးလမ်းဆုံးသွားခြင်း ဆိုသည့် “ဇာတ်သိမ်းမလှခြင်း” ပင် ဖြစ်သည်။ ဤသည်မှာ ပထမဆုံး ယူရမည့် သင်ခန်းစာ ဖြစ်သည်။
အခွင့်အလမ်းသစ်နှင့် လမ်းဟောင်းလျှောက်သူများ
ယခုဆောင်းပါး၏ ဒုတိယပိုင်းကို ကြည့်ကြစို့။ NLD ၏ ဤလမ်းစဉ်ကို အပြင်းအထန် ဝေဖန်ခဲ့ပြီး “အခဲမကျေ” ဖြစ်ခဲ့ကြသည့် နိုင်ငံရေးပါတီများ — ဥပမာ NLD နှင့် လမ်းစဉ်မတူ ခွဲထွက်ခဲ့သည့် NDF ခမောက်ပါတီ၊ ဒေါ်သက်သက်ခိုင်၏ PPP ပါတီ၊ ၈၈ မျိုးဆက် ဦးကိုကိုကြီးတို့၏ ပြည်သူ့ပါတီနှင့် ၂၀၂၀ ရွေးကောက်ပွဲရလဒ် အဟောသိကံဖြစ်ခဲ့ရသည့် MUP ကဲ့သို့သော အချို့တိုင်းရင်းသားပါတီများက ယခု ဘာလုပ်နေကြသနည်း။
သူတို့၏ တွက်ချက်မှုမှာ ရှင်းပါသည်။ “NLD ရှိနေရင် မဲရဖို့ မလွယ်ဘူး။” ယခု NLD ၏ နိုင်ငံရေး ပျောက်ဆုံးမှုသည် သူတို့အတွက် နိုင်ငံရေးကွက်လပ်တစ်ခု၊ “အခွင့်ကောင်း” တစ်ခုအဖြစ် ပေါ်ထွက်လာသည်ဟု ယူဆခဲ့ကြဟန်တူသည်။
သို့သော် ထိုကွက်လပ်ကို ဖြည့်ရန် သူတို့ ရွေးချယ်လိုက်သည့် နည်းလမ်းမှာ NLD ၏ အကြီးမားဆုံး အမှားဖြစ်သော “စစ်တပ်နဲ့ Compromise လုပ်ခြင်း” ကိုယ်တိုင်ကို ပြန်လည်ကျူးလွန်ရန် ဖြစ်နေသည်။ စစ်တပ်က ခင်းပေးသည့် ရွေးကောက်ပွဲ လမ်းကြောင်းပေါ်သို့ တက်ရန် တာဆူနေကြသည်။ ဤသည်မှာ NLD ၏ လမ်းဟောင်းကို တိတိကျကျ ပြန်လျှောက်ခြင်းပင် ဖြစ်သည်။ MUP ပါတီကိုယ်တိုင် ၂၀၂၀ တွင် မွန်ပြည်သူများ၏ မဲဖြင့် အမတ်နေရာ အများအပြား အနိုင်ရခဲ့သော်လည်း အာဏာသိမ်းမှု တစ်ခုတည်းဖြင့် အရာမထင် အဟောသိကံ ဖြစ်သွားခဲ့ရသည့် သင်ခန်းစာကိုပင် အလွယ်တကူ မေ့လျော့နေကြသည်။
“ထိုခရီးကိုပဲ ရောက်မည်” ကြိုတင်ပြသနေသော ဇာတ်ညွှန်း
နိုင်ငံရေးသမိုင်း၏ အကြီးမားဆုံး သင်ခန်းစာမှာ “ထိုလမ်းကို လျှေက်ရင် ထိုခရီးကိုပဲ ရောက်မည်” ဆိုသည့် အချက်ဖြစ်သည်။ လျှောက်လှမ်းသော လမ်းစဉ်ကသာ အဆုံးသတ်ရလဒ် (Outcome) ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။
မြင်တွေ့နေရပါသည်။ ရွေးကောက်ပွဲပင် မကျင်းပရသေးဘဲ စစ်တပ်က ပညာပြနေပြီ။ သူတို့ ရွေးချယ်ခဲ့သော လမ်းက ပြန်ပေးသည့် “အမြည်း” များကို စတင် မြည်းစမ်းနေကြရပြီ ဖြစ်သည်။
NDF ပါတီ: “ပါတီဝင်အင်အား မပြည့်မီ” ဟူသော အကြောင်းပြချက်ဖြင့် ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင် ပါတီမှတ်ပုံတင် ပယ်ဖျက်ခံလိုက်ရသည်။
ဒေါ်စန္ဒာမင်း: NDF ဖျက်သိမ်းခံရသော်လည်း “စိတ်မနာဘဲ” တစ်သီးပုဂ္ဂလအနေဖြင့် ထိုလမ်းပေါ် ဆက်ပြိုင်မည်ဟု ဆိုနေပြန်သည်။ ဤသည်မှာ သင်ခန်းစာ ယူရန် ပျက်ကွက်မှု၏ ဥပမာတစ်ခု ဖြစ်သည်။
ဒေါ်သက်သက်ခိုင် (PPP): “လွှတ်တော်အမတ် အရည်အချင်းနဲ့ မကိုက်ညီ” ဟုဆိုကာ ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် UEC က ပယ်ဖျက်လိုက်သည်။ အမျိုးသမီးပါတီ (မွန်): “ဥပဒေ သတ်မှတ်ချက် မပြည့်မီ” ဟုဆိုကာ တစ်နိုင်ငံလုံး ယှဉ်ပြိုင်ခွင့် အဆင့်ကို လက်လွှတ်စေခဲ့ပြီ။
ဤသည်တို့မှာ NLD လျှောက်ခဲ့သောလမ်း၏ အဆုံးစွန် ဇာတ်သိမ်းနှင့် နှိုင်းယှဉ်လျှင် အသေးအဖွဲ “သတိပေးချက်” များသာ ဖြစ်သည်။ NLD ပါတီကိုယ်တိုင် နောက်ဆုံး ဘာဖြစ်သွားခဲ့သလဲ။ နိုင်ငံရေးမှတ်ပုံတင် ပယ်ဖျက်ခံရပြီး ဥပဒေအရ ပျက်သုဉ်းသွားခဲ့သည်။ ၎င်း၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဘာဖြစ်သွားခဲ့သလဲ။ ကမ္ဘာက အသိအမှတ်ပြုထားသော ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် တစ်ဦးဖြစ်ပါလျက်၊ သူမကိုယ်တိုင် “ရင်ကြားစေ့” ရန် ကြိုးစားခဲ့သည့် ထိုတပ်မတော်၏ လက်ထဲမှာပင် ယခုအခါ အကျဉ်းချခံထားရသည်။
ဤသည်မှာ အလွန် ပြတ်သားသော သမိုင်းဝင် သာဓက ဖြစ်သည်။ ကမ္ဘာ့အဆင့် နိုဗယ်ဆုရှင်ကိုတောင် အကျဉ်းချခဲ့သေးလျှင်၊ ယခု လက်ရှိ နိုင်ငံရေးသမားများလောက်ကို စစ်အုပ်စုက ဂရုစိုက်လိမ့်မည်၊ ကတိတည်လိမ့်မည်ဟု အမှန်တကယ် ယုံကြည်နေကြပါသလား။
သို့ဖြစ်ရာ ဤဆောင်းပါး၏ ခေါင်းစဉ်ကိုပင် ပြန်လည်ကိုးကား၍ မေးခွန်းထုတ်ရပါမည်။ “NLD သို့မဟုတ် ဒေါ်စုကိုယ်တိုင် မှားခဲ့တဲ့လမ်းကို ဆက်လျှောက်ကြအုံးမှာလား။” NLD ကဲ့သို့ “ဇာတ်သိမ်းမလှ” ခြင်းမျိုး မကြုံတွေ့လိုပါက၊ ယခုလျှောက်လှမ်းနေသော “ရင်ကြားစေ့ရေး အတုအယောင်” လမ်းစဉ်အပေါ် ထားရှိသည့် အတွေးအခေါ်ကို အမြန်ဆုံး ပြောင်းလဲချိန်တန်ပြီ ဖြစ်သည်။
သင်ခန်းစာ မယူသူအတွက် သမိုင်းသည် အမြဲတမ်း ဤကဲ့သို့ပင် တစ်ပတ် ပြန်လည်နေဦးမည်သာ ဖြစ်သည်။


