Friday, March 13, 2026
More
    spot_img
    Homeသတင်းမောတောင်နယ်စပ်စခန်းကို တော်လှန်ရေးအဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းမှုဆက်လက်လုပ်ဆောင်

    မောတောင်နယ်စပ်စခန်းကို တော်လှန်ရေးအဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းမှုဆက်လက်လုပ်ဆောင်

    -

    ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီမြို့နယ်၊ မြိတ်-ထားဝယ်ခရိုင် KNU တပ်မဟာ ၄ နယ်မြေရှိ မောတောင်နယ်စပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သိမ်းပိုက်နိုင်ခဲ့ပြီး၊ ယနေ့တွင်နယ်မြေရှင်းလင်းမှု အပြီးသတ်လုပ်ဆောင်နေသည်ဟု ခရိုင်တာဝန်ရှိသူများက IMNA ကို ပြောသည်။

    နိုဝင်ဘာ ၁၂ ရက်နေ့မှစပြီး အဆိုပါနယ်စပ်စခန်းတွင် ၄ ရက်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ တော်လှန်ရေးတပ်ဖွဲ့ထံ လက်နက်ချသည့် စစ်ကော်မရှင်တပ်သား ၁၀ ဦးခန့်ရှိသည့်အပြင်၊ ထိုင်းနိုင်ငံဘက်သို့ တပ်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပျူစောထီးများအပါအဝင် ၅၀ ဦးထက်မနည်း ထွက်ပြေးသွားခဲ့ရသည်။

    စခန်းစွန့်ခွာထွက်ပြေးခဲ့ရသည့် စစ်ကော်မရှင်မှ လက်နက်ကြီးအပြင် လေယာဉ်ဖြင့် တစ်ရက်လျှင် ၁၀ ကြိမ်ထက်မနည်း ဝေဟင်တွင် ပျံဝဲနေပြီး ဗုံးကြဲချမှုများလုပ်ဆောင်နေသည်ဟု မြေပြင်ရောက်ရဲဘော်တစ်ဦးက ပြောသည်။

    “၄ ရက်ခန့်တိုက်ပွဲဖြစ်နေတယ်၊ ၉၅ ရာခိုင်နှုန်းတော့သိမ်းနိုင်ပြီး လေယာဉ်ကတော့တစ်နေ့ကို ၁၀ ခေါက်လောက်ပျံသန်းနေတယ်၊ လေကြောင်းနဲ့တိုက်ခိုက်မှုကတောက်လျှောက် ညသန်းခေါင်အထိလည်း ပစ်တယ်၊ ဗုံးကြဲတာဆို တစ်ရက်ကို လေးငါးဆယ်ခေါက်ရှိတယ် စစ်ရှောင်ကတော့ ထိုင်းနယ်စပ်အပေါ်ကုန်း စစ်တပ်စခန်းအနားဘက်မှာပဲရှိတယ်”ဟု ပြောသည်။

    ယနေ့တွင် တော်လှန်ရေးတပ်ဖွဲ့များမှ  မောတောင်မြို့ကို နယ်မြေရှင်းလင်းရေးဆက်လက်လုပ်ဆောင်နေပြီး လေကြောင်းအခြေအနေလည်း စိုးရိမ်နေရကြောင်းလည်း ဆိုသည်။

    မောတောင် မြို့သိမ်းတိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ်သို့ ဒေသခံများ ၃၀၀၀ နီးပါး ထိုင်းနယ်စပ်ဘက် တိမ်းရှောင်နေရဆဲဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့နယ်မြေတွင်လည်း ခိုလှုံနေရသည့် စစ်ရှောင်ပြည်သူ ၈၀၀ ခန့် ရှိနေကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးကပြောသည်။

    “စစ်ရှောင်တွေကထိုင်းဘက်ကိုခိုလှုံခွင့်မပေးသေးဘူး၊ စားရေးသောက်ရေးအတွက် ထိုင်းကကူညီပေးရှာပါတယ် စစ်ရှောင်ကကျန်းမာရေးအခက်အခဲရယ်၊ တစ်ကိုယ်ရေ သန့်ရှင်းမှုတွေပေါ့နော် မောတောင်နယ်စပ်လူဦးရေ ၁၇၀၀ ကျော်ရှိနေပြီး၊ စစ်ရှောင်တွေက တော်လှန်ရေးအဖွဲ့ရဲ့ လွတ်မြောက်တဲ့နေရာမှာ ထားထားတဲ့လူဦးရေဆို ၈၀၀ လောက်ရှိတယ်”ဟုပြောသည်။

    ယခု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် မြိတ်-ဘုတ်ပြင်းပြည်ထောင်စုလမ်းမမှ မောတောင်မြို့သို့သွားသည့်လမ်းတစ်လျှောက်ကို တော်လှန်ရေးအဖွဲ့မှထိန်းချုပ်ထားသည်။

    မောတောင်မြို့သည် ထိုင်း- မြန်မာနယ်စပ် ပရာကျွတ်ခရိုင်၊ ဆင်ခွန်းမြို့နှင့်ထိစပ်နေသည့် ကုန်သွယ်ရေးမြို့ ဖြစ်သည်။

    မောတောင်ကုန်သွယ်ရေးစခန်းကို ၂၀၁၃ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပြီး၊ လက်ရှိအချိန်အထိ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအဖြစ် အသုံးပြုဆဲဖြစ်သော်လည်း နယ်စပ်လမ်းကြောင်း တစ်လျှောက်တိုက်ပွဲများပြင်းထန်လာချိန်တွင် ကုန်သွယ်ရေးလမ်းအသုံးပြုမှုကို ရပ်တန့်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks