Friday, March 13, 2026
More
    spot_img
    Homeသတင်းမောတောင်ဒေသကို စစ်ကော်မရှင်မှလက်နက်ကြီးအပြင် လေယာဉ်ဖြင့်ပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံထောင်နှင့်ချီ ထိုင်းနယ်စပ်သို့ရောက်ရှိ

    မောတောင်ဒေသကို စစ်ကော်မရှင်မှလက်နက်ကြီးအပြင် လေယာဉ်ဖြင့်ပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံထောင်နှင့်ချီ ထိုင်းနယ်စပ်သို့ရောက်ရှိ

    -

    ကရင်အမျိုးသားအစည်းအရုံး KNU၊ မြိတ်-ထားဝယ်ခရိုင်၊ မောတောင်မြို့အတွင်းသို့ စစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေပြီး ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

    ယမန်နေ့ နိုဝင်ဘာ ၁၂ ရက် နေ့လည်ပိုင်းအချိန်ခန့်တွင် စစ်ကော်မရှင်တပ်မှ မောတောင်မြို့ကို လေယာဉ်ဖြင့် ဗုံးနှစ်ကြိမ်ကျဲချခဲ့ပြီး၊ မြို့အတွင်းရှိ နာရီစင်အနီးတစ်ဝိုက်နှင့် ဈေးများမီးလောင်းခဲ့ကြောင်း သိရသည်။

    ထို့ကြောင့် မောတောင်ဒေသခံထောင်နှင့်ချီ ပရာကျွတ်နယ်စပ်မျဉ်းပေါ်တွင် တိမ်းရှောင်နေရပြီး အစားအသောက်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ထိုင်းဘက်မှ တောက်လျှောက်ကူညီနေသည်ဟု စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

    ပုံ- စစ်ဘေးရှောင် ကူညီနေသူတစ်ဦး

    “ဒီနေ့လေယာဉ်ဗုံးလာကြဲတာ နှစ်ကြိမ်ရှိပြီး၊ စစ်ရှောင်တွေနှစ်ညနဲ့နှစ်ရက်ဖြစ်သွားပြီး၊ စစ်ရှောင်တွေထိုင်းကို ဝင်လို့မရပေမဲ့ ကူညီစောင့်ရှောက်မှုတွေကိုတော့ ထိုင်းကနေတောက်လျှောက် လုပ်ပေးနေတယ်၊ လောလောဆယ် သူတို့နဲ့ပူးပေါင်းပြီး အစားအသောက်တွေ ပို့ပေးတာမျိုးရှိတယ် ” ဟု ပြောသည်။

    စစ်ရှောင်ကူညီရာတွင် ထိုင်းနိုင်ငံ၏ ဥပဒေအရတားမြစ်ချက်အချို့ရှိနေသောကြောင့် မြန်မာဘက်မှစစ်ရှောင်ကူညီနေသူများနှင့် ထိုင်းအာဏာပိုင်များမှ ပူးပေါင်းကူညီဆောင်ရွက်နေရပြီး အစားအသောက်အလျှင်မမီမှုများကြုံရသည်ဟုလည်း ဆိုသည်။

    မောတောင်ဒေသအတွင်းသို့ နိုဝင်ဘာ ၁၀ ရက်နေ့မှစပြီး စစ်ကော်မရှင်တပ်မှ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်နေခဲ့ပြီး နိုင်ဝင်ဘာ ၁၁ ရက်နေ့ကလည်း ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများအကြား ထိတွေ့တိုက်ပွဲအနည်းငယ် ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်တစ်ဦးကပြောသည်။

    “ပထမတော်လှန်ရေးအဖွဲ့တွေ ရှောင်ဖို့အတွက် သတင်းထုတ်ပြန်ထားတာရှိတယ်၊ ဒါမဲ့ တိုက်ပွဲမဖြစ်သေးတော့ သူတို့မရှောင်သေးဘူး၊ ဟိုတစ်ညကမှ လက်နက်ကြီး အချက် ၃၀ လောက်ပစ်တာတွေရှိတယ် အဲ့တော့မှ ပြည်သူတွေ ကြောက်ပြီးထွက်ပြေးကြတယ်၊ မြို့မှာကျန်နေတဲ့ သူတွေလည်း လွတ်မြောက်ရာကိုရတဲ့ နည်းနဲ့ထွက်မှာပါ” ဟု ပြောသည်။

    စစ်ကော်မရှင်မှ ရွေးကောက်ပွဲပြုလုပ်ရန်အတွက် အထူးကြိုးပမ်းလျှက်ရှိပြီး၊ ၎င်းတို့လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေများဖြစ်သည့် ကေအဲန်ယူ- မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်ရာဒေသအတွင်းရှိ ပြည်သူများအား အကြောက်တရားဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းများ မကြာခဏပြုလုပ်လျှက်ရှိသည်ဟု ယနေ့နိုဝင်ဘာ ၁၂ ရက်တွင် KNU မှထုတ်ပြန်သည်။

    ယခုရက်ပိုင်းအတွင် မွန်၊ ကရင်၊ တနင်္သာရီတွင် ညအပူချိန်ကျဆင်းပြီး မြူနှင်းထူထပ်နေခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များ ရာသီဥတုဒဏ်ပိုမိုခံနေရကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks