Friday, March 13, 2026
More
    spot_img
    Homeသတင်းအမေရိကန် အရေးယူမှု ဝါးလုံးရှည်နှင့် သိမ်းခြင်းဟု DKBA ပြော

    အမေရိကန် အရေးယူမှု ဝါးလုံးရှည်နှင့် သိမ်းခြင်းဟု DKBA ပြော

    -

    အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွင် ပါဝင်ပတ်သက်မှုဖြင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) နှင့် ထိပ်တန်းခေါင်းဆောင်များကို အရေးယူမှုသည် ဝါးလုံးရှည်ဖြင့် သိမ်းသည့်သဘောဟု DKBA ဗိုလ်မှူးချုပ် စောစိန်ဝင်းက ပြောသည်။

    အမေရိကန်ဘဏ္ဍာ ရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး (OFAC)က အွန်လိုင်းငွေကြေး လိမ်လည်မှုလုပ်ငန်း (ကျားဖြန့်) နှင့် ပတ်သက်၍ DKBA နှင့် ထိပ်တန်းခေါင်းဆောင်များ ဖြစ်သည့် စောစတီး၊ စိုင်းကျော်လှ၊ စောစိန်ဝင်း၊ စောဆန်းအောင်တို့အား ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း နိုဝင်ဘာ ၁၂ ရက်က ကြေညာခဲ့သည်။

    အဆိုပါ ကျားဖြန့်လုပ်ငန်းတွင် ပါဝင်ပတ်သက်မှု လူတချို့ရှိနိုင်သော်လည်း တစ်ဖွဲ့လုံးအား အရေးယူမှုသည် ဝါးလုံးရှည်ဖြင့် သိမ်းလိုက်သည့်သဘောဟု ဗိုလ်မှူးချုပ်စောစိန်ဝင်း ပြော IMNA ကို ပြောသည်။

    “ဘာပြောချင်လဲဆိုတော့ ကျနော်တို့အဖွဲ့က စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမှု အခင်းအကျင်းမှာ အခုက ဘယ်လိုပြောမလဲ၊ ခန့်မှန်းကတော့ တရုတ် နဲ့ အမေရိကန်ရဲ့ စူပါပါဝါ အားပြိုင်တဲ့ ကစားကွင်းတွေများ ဖြစ်လာမလား အဲဒီလိုပဲ သုံးသပ်မိတယ်။ ကျနော်တို့အဖွဲ့ကြတော့ အဲဒီမှာပါဝင်ပတ်သက်တဲ့လူတချို့ ရှိကောင်းရှိမယ်၊ ဒါပေမဲ့ သူက ဒီကိစ္စတစ်ဖွဲ့လုံးခြုံပြီးတော့ အရေးယူလိုက်တာဆိုတော့ ဝါးလုံးရှည်နဲ့သိမ်းလိုက်တဲ့သဘောပေါ့လေ၊ အဲဒီလိုပဲ သုံးသပ်မိတယ်” ဟု ပြောသည်။

    မြန်မာ – ထိုင်းနယ်စပ်တွင် အွန်လိုင်းငွေကြေး လိမ်လည်မှု လုပ်ငန်း (ကျားဖြန့်)များ လျော့နည်းသွားအောင် မိမိတို့ DKBA အနေဖြင့်လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ဝိုင်းဝန်း လုပ်ဆောင်နေသည်ဟု ၎င်းက ဆက်ပြောသည်။

    DKBA သည် ထိုင်းနိုင်ငံအခြေစိုက် တရုတ်ရာဇဝတ်ဂိုဏ်းများ၏ မျက်နှာစာဖြစ်သော Trans Asia International Holding Group၊ Troth Star ကုမ္ပဏီတို့နှင့် ပူးပေါင်းကာ KK Park အပါအဝင် အခြားလိမ်လည်မှုများ တည်ထောင်ရာတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဆိုသည်။

    အွန်လိုင်းငွေကြေး လိမ်လည်မှု လုပ်ငန်း (ကျားဖြန့်)လုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့ အဖွဲ့အစည်းအား မယုံကြည်ဘဲ စစ်ဆေးချင်ပါက လိုက်ပို့ပေးမှာဖြစ်ကြောင်း ဗိုလ်မှူးချုပ် စောစိန်ဝင်း ဆက်ပြောသည်။

    “ကျားဖြန့်နဲ့ ပတ်သက်ပြီး ကျနော့်ကို စွပ်စွဲတယ်ဆိုတော့ ကျနော်ကတော့ ရှင်းပါတယ်။ ကိုယ့်ဟာကိုယ် သာမန် တောင်သူလယ်သမား တစ်ယောက်ပါပဲ၊ အဖွဲ့ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့အခါကြတော့ သူတို့ရဲ့စာရင်းထဲမှာ သူတို့ရဲ့ အမြင်ပေါ့လေ၊ ကိုယ့်ဖက်ကတော့ ကင်းရှင်းတယ်။ ကင်းကင်းရှင်းရှင်း အတတ်နိုင်ဆုံး အဖွဲ့ရဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ကိုယ်စားပြု ပါဝင်နေတယ်ဆိုတော့ သူတို့ရဲ့ ဘယ်လိုကောက်ချက်စွဲတာတော့ မသိဘူးပေါ့ဗျာ၊ အဲဒါတော့ ကျနော်လည်း ပြောမတတ်ဘူး။ သူတို့ မယုံကြည်လို့ လာစစ်ဆေးတယ်ဆိုရင် ကျနော်တို့ လိုက်ပို့ပေးမှာပေါ့။ သူတို့ ကြည့်ချင်တဲ့ နေရာတွေ” ဟု ပြောသည်။

    ပြီးခဲ့သည်၂၀၂၅ မေလ ၅ ရက်တွင်လည်း အမေရိကန်သည် ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ နှင့် သားနှစ်ယောက်ဖြစ်သည့် စောထူးအယ်မူး၊ စောချစ်ချစ်တို့ကို နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုကျူးလွန်သည့်အဖွဲ့အဖြစ် သတ်မှတ်အရေးယူခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks