spot_img
Wednesday, November 12, 2025
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်မွန်-ခမာ လူငယ်များ၏ နိုင်ငံရေးအလားအလာ (သမိုင်းအမြစ်၊ ပစ္စုပ္ပန်ကြိုးပမ်းမှုနှင့် အနာဂတ်ပေါင်းစပ်မှု)

    မွန်-ခမာ လူငယ်များ၏ နိုင်ငံရေးအလားအလာ (သမိုင်းအမြစ်၊ ပစ္စုပ္ပန်ကြိုးပမ်းမှုနှင့် အနာဂတ်ပေါင်းစပ်မှု)

    -

    ဆောင်းပါး၊ မာံသဟာဲ (မင်းစဟိုင်း)

    ၂၀၂၅ ခုနှစ်အတွင်း ထွက်ပေါ်လာခဲ့သော နိုင်ငံရေး သဘောထား ကြေညာချက်များအနက် “ဝ”လူငယ့်အသံ၊ “တအာင်း”ကျောင်းသားနှင့်လူငယ်များအဖွဲ့၊ တိုးတက်သော “မွန်”လူငယ်များအစည်းအရုံး (ဂကောံသၟတ်မန်လညာတ်တၟိ – MYPO) တို့၏ ပူးတွဲထုတ်ပြန်ချက်နှစ်စောင်သည် ထူးကဲပြီး အလေးနက်ထား စောင့်ကြည့်ရမည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။

    ဤထုတ်ပြန်ချက်များသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် အာဏာသိမ်း ၄ နှစ်ပြည့် သဘောထားနှင့် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ကျင်းပမည့် “အတုအယောင် ရွေးကောက်ပွဲ” ကို ဆန့်ကျင်ကန့်ကွက်သည့် အကြောင်းအရာများ ဖြစ်ကြသည်။ သို့သော် ၎င်းတို့၏ တန်ဖိုးသည် လက်တလော နိုင်ငံရေး ကန့်ကွက်မှုများထက် များစွာ ပိုမိုနက်ရှိုင်းပါသည်။ ဤစုစည်းမှုသည် ပထဝီအနေအထားအရ ကွဲကွာနေသော ဤလူမျိုးစုသုံးစု၏ မျိုးဆက်သစ်များအကြား ဖြစ်ပေါ်လာသော သမိုင်း၊ ပစ္စုပ္ပန် နှင့် အနာဂတ်ဆိုင်ရာ နိုင်ငံရေး ပေါင်းစပ်မှု၏ အစပြုခြင်းကို ညွှန်ပြနေသည်။

    ၁။ သမိုင်းဆိုင်ရာ ဆက်စပ်မှုအား ပြန်လည်ရှာဖွေတွေ့ရှိခြင်း

    ဤစုစည်းမှု၏ အခိုင်မာဆုံးသော့ချက်မှာ ထုတ်ပြန်ချက်အတွင်း မိမိတို့ မွန်ခမာအုပ်စု “ဝ၊ တအာင်း၊ မွန်” ဟူ၍ ရှင်းလင်းစွာ သုံးနှုန်းထားခြင်း ဖြစ်သည်။ ၎င်းသည် နိုင်ငံရေးအရ တမင်သက်သက် ပေါင်းစပ်လိုက်သော အမည်မဟုတ်ပါ။ ဤလူမျိုးစုသုံးစုသည် မြန်မာ့မြေပေါ်တွင် ရှေးအကျဆုံး ဘာသာစကားမိသားစုကြီးတစ်ခုဖြစ်သည့် “မွန်-ခမာ” (Austroasiatic) အုပ်စုအောက်တွင် ဘာသာဗေဒအရရော ယဉ်ကျေးမှုအရပါ နက်ရှိုင်းစွာ ဆက်စပ်နေသည့် သမိုင်းအမြစ်တစ်ခုတည်းမှ ဆင်းသက်လာသူများဖြစ်ကြောင်း မျိုးဆက်သစ်များက ပြန်လည်အတည်ပြုလိုက်ခြင်း ဖြစ်သည်။

    လက်ရှိ တော်လှန်ရေးသည် ဤလူငယ်များကို ဘုံရန်သူကို တိုက်ခိုက်ရန် စုစည်းစေရုံသာမက မိမိတို့၏ ဘုံသမိုင်းအမြစ်ကို ပြန်လည်တူးဖော်ကာ ထိုအပေါ်တွင် ခိုင်မာသော “နိုင်ငံရေးဆိုင်ရာ အမှတ်သညာ” (Political Identity) အသစ်တစ်ခုကို တည်ဆောက်စေခဲ့သည်မှာ အလွန်ထင်ရှားပါသည်။ ၎င်းသည် နိုင်ငံရေးအရ အပေးအယူလုပ်၍ ဖွဲ့စည်းထားသော ယာယီမဟာမိတ်ဖွဲ့ခြင်းမျိုးထက် ပိုမိုခိုင်မာသော သမိုင်းဆိုင်ရာ အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည်။

    ၂။ ပစ္စုပ္ပန် ကြိုးပမ်းမှု – ကွဲပြားသော လမ်းကြောင်းများမှ ဘုံရပ်တည်ချက်ဆီသို့

    ဤသမိုင်းအမြစ်ကို အခြေခံ၍ မျိုးဆက်သစ်များ၏ လက်ရှိကြိုးပမ်းမှုတွင် တူညီသော နိုင်ငံရေး ရည်မှန်းချက်များ ရှင်းလင်းစွာ တွေ့ရှိရသည်။

    ဘုံရည်မှန်းချက်အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျဆုံးရေး၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို လုံးဝဆန့်ကျင်ခြင်းနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့ ဖြစ်သည်။ ဘုံချဉ်းကပ်မှုအားဖြင့်လည်း ၎င်းတို့သည် “ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom- up Federalism) ချဉ်းကပ်မှု” ကို လက်ကိုင်ထားကြောင်း တညီတညွတ်တည်း ကြေညာထားသည်။ ၎င်းသည် အပေါ်မှ ချပေးသည့်စနစ်ကို မဟုတ်ဘဲ အောက်ခြေလူထုနှင့် ပြည်နယ်များ၏ အခွင့်အရေးကို ဦးစွာတည်ဆောက်မည့် မျိုးဆက်သစ်တို့၏ နိုင်ငံရေး လမ်းစဉ်ဖြစ်သည်။

    သို့သော် ဤဘုံရပ်တည်ချက်ကို ကြေညာခဲ့သည့် လူငယ်အဖွဲ့အစည်းတစ်ခုချင်းစီသည် ၎င်းတို့၏ သက်ဆိုင်ရာ လူမျိုးစုများအတွင်းရှိ မတူညီသော နိုင်ငံရေး နောက်ခံများမှ လာကြသူများဖြစ်သည်ကို သတိပြုရန် အရေးကြီးသည်။

    “တအာင်း” လူငယ်တို့၏ ကြိုးပမ်းမှုသည် ၎င်းတို့လူမျိုးစု၏ အဓိက နိုင်ငံရေးနှင့် စစ်ရေး လမ်းကြောင်းနှင့် အပြည့်အဝ ထပ်တူကျနေသည်ကို တွေ့ရသည်။ တအာင်းလူ့အဖွဲ့အစည်းအတွင်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်ရေးတွင် မျိုးဆက်ဟောင်းမှ မျိုးဆက်သစ်အထိ “တညီတညွတ်တည်း” ရပ်တည်နေပြီး ဤလူငယ်များ၏ ကြိုးပမ်းမှုသည် ထိုအလုံးစုံသော တော်လှန်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နေသည်။

    “မွန်” လူငယ်အဖွဲ့အစည်းတစ်ရပ်ဖြစ်သည့် “တိုးတက်သောမွန်လူငယ်များအစည်းအရုံး” ၏ ရပ်တည်ချက်မှာမူ ၎င်းတို့၏ အဓိက လူမျိုးစုခေါင်းဆောင်ပိုင်း၏ ချဉ်းကပ်မှုနှင့် သိသာသော ကွဲပြားမှုများရှိနေသည်ကို ပြသနေသည်။ မျိုးဆက်ဟောင်းခေါင်းဆောင်ပိုင်းက နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းများကို ရှာဖွေနေချိန်တွင် ဤမျိုးဆက်သစ်များက စစ်အာဏာရှင် အမြစ်ပြတ်ရေးနှင့် ရွေးကောက်ပွဲကို ပြတ်သားစွာ ဆန့်ကျင်ခြင်းသည် မွန်လူ့အဖွဲ့အစည်းအတွင်း မျိုးဆက်သစ်နှင့် မျိုးဆက်ဟောင်းအကြား “နိုင်ငံရေးအမြင် ကွဲပြားမှု” ကို မီးမောင်းထိုးပြနေသည်။

    “ဝ လူငယ့်အသံ” ၏ ပါဝင်မှုသည်ကား “လမ်းသစ်ရှာဖွေမှု” တစ်ခုဖြစ်သည်။ ၎င်းတို့၏ အဓိက လူမျိုးစုခေါင်းဆောင်ပိုင်းသည် ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် သီးခြားရပ်တည်မှုကို အခြေခံသည့် နိုင်ငံရေးလမ်းကြောင်းပေါ်တွင် ရပ်တည်လေ့ရှိသည်။ သို့သော် ထုတ်ပြချက်တွင် ပါဝင်သော ဤလူငယ်များသည် တစ်နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေး ရည်မှန်းချက်များ (စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု) တွင် တက်ကြွစွာ ပူးပေါင်းပါဝင်လာခြင်းသည် “ဝ” မျိုးဆက်သစ်များအကြား နိုင်ငံရေး အသိအမြင်သစ်တစ်ခု ပေါ်ထွန်းလာနေခြင်းကို ထင်ဟပ်စေပါသည်။

    ၃။ နိုင်ငံရေးပေါင်းစပ်မှုမှ မျှော်လင့်နိုင်သော အနာဂတ်အလားအလာ

    သမိုင်းဆိုင်ရာ အမှတ်သညာကို ပြန်လည်ဖော်ထုတ်ပြီး ပစ္စုပ္ပန်၏ ကွဲပြားသော နိုင်ငံရေးနောက်ခံများကြားမှ ဘုံရည်မှန်းချက်တစ်ခုကို တည်ဆောက်နိုင်ခဲ့သော ဤ “မွန်-ခမာ” လူငယ်များ၏ စုစည်းမှုသည် အနာဂတ်အတွက် နိုင်ငံရေး အလားအလာများစွာကို ဖွင့်လှစ်ပေးလိုက်သည်။

    (က) “မွန်-ခမာ” နိုင်ငံရေး အစုအဖွဲ့ (Political Bloc) ဖြစ်ပေါ်လာနိုင်ခြင်း

    ဤလူငယ်မဟာမိတ်သည် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆွေးနွေးပွဲများတွင် “မွန်-ခမာ” ဘာသာစကားပြော အုပ်စုများ၏ ဘုံအခွင့်အရေး၊ ယဉ်ကျေးမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို စုစည်းတောင်းဆိုမည့် သီးခြား နိုင်ငံရေး အစုအဖွဲ့တစ်ခုအဖြစ် ရင့်ကျက်လာနိုင်သည်။

    (ခ) မျိုးဆက်သစ်များ၏ သြဇာလွှမ်းမိုးမှု

    ဤစုစည်းမှုသည် ၎င်းတို့၏ သက်ဆိုင်ရာ လူမျိုးစု နိုင်ငံရေးခေါင်းဆောင်ပိုင်းများအပေါ် တိုက်ရိုက် သြဇာလွှမ်းမိုးနိုင်စွမ်း ရှိလာမည်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံရေးလမ်းကြောင်း ကွဲပြားနေသော “မွန်” နှင့် “ဝ” လူ့အဖွဲ့အစည်းများအတွင်း ဤလူငယ်များသည် တစ်နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးအင်အားစုများနှင့် ပေါင်းကူးဆက်သွယ်ပေးနိုင်သော အရေးပါသည့် အင်အားစု ဖြစ်လာနိုင်စွမ်းရှိသည်။

    (ဂ) “Bottom-up” ချဉ်းကပ်မှု၏ လက်တွေ့ကျသော စံပြပုံစံ

    ဤအဖွဲ့သုံးဖွဲ့၏ ပူးပေါင်းမှုသည် “Bottom-up Federalism” ၏ အကောင်းဆုံး လူငယ်ကဏ္ဍ ဥပမာတစ်ခု ဖြစ်သည်။ ၎င်းတို့သည် မတူညီသော ပြည်နယ်များ၊ မတူညီသော နိုင်ငံရေးနောက်ခံများမှ လာသော်လည်း ဘုံသမိုင်းနှင့် ဘုံရည်မှန်းချက်အောက်တွင် အောက်ခြေမှစ၍ စုစည်းညီညွတ်နိုင်ကြောင်း လက်တွေ့ပြသခဲ့သည်။

    နိဂုံး

    “ဝ၊ တအာင်း၊ မွန်” လူငယ်များ၏ ဤပူးတွဲထုတ်ပြန်ချက်များသည် သာမန်သဘောထားထုတ်ပြန်ချက်များ မဟုတ်ပါ။ ၎င်းတို့သည် သမိုင်းအမြစ်ကို ပြန်လည်တူးဖော်ကာ ပစ္စုပ္ပန်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရင်း အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုအတွက် နိုင်ငံရေးအရ စတင်ပေါင်းစပ်နေပြီဖြစ်ကြောင်း ကြေညာလိုက်သည့် မျိုးဆက်သစ်တို့၏ နိုင်ငံရေး ကြိုးပမ်းမှု မှတ်တိုင်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ဤ “မွန်-ခမာ” မျိုးဆက်သစ်များ၏ ခြေလှမ်းသည် မြန်မာ့အနာဂတ် နိုင်ငံရေးအတွက် အလေးအနက်ထား စောင့်ကြည့်ရမည့် အင်အားစုသစ်တစ်ခု ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,800SubscribersSubscribe
    spot_img

    Latest posts