spot_img
Tuesday, December 16, 2025
More
    spot_img
    Homeသတင်းအလှူရှင်ရရှိမှုနည်းပါးခြင်းကြောင့် စစ်ရှောင်စခန်းများတွင် အကူအညီရရှိရန်ခက်ခဲလာ

    အလှူရှင်ရရှိမှုနည်းပါးခြင်းကြောင့် စစ်ရှောင်စခန်းများတွင် အကူအညီရရှိရန်ခက်ခဲလာ

    -

    မြန်မာပြည်တောင်ပိုင်းဒေသရှိ စစ်ဘေးရှောင်အရေး အကူအညီပေးနေသောအဖွဲ့များ အလှူရှင်ရရှိမှုနည်းပါးလာခြင်းကြောင့် စစ်ရှောင်စခန်းများအတွင်း အကူအညီရရှိရန် အခက်ခဲရှိလာကြောင်း အဖွဲ့တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

    မွန်၊ ကရင်နှင့် တနင်္သာရီတိုင်ဒေသကြီးတို့တွင် ပြီးခဲ့သည့် ၃ လတာအတွင်း စစ်ကော်မရှင်တပ်ဖွဲ့မှ လေကြောင်းတိုက်ခိုက်မှု၊ နေအိမ်မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးဝင်ရောက်မှုများကို စစ်ကော်မရှင်မှ ပိုမိုကျူးလွန်လာနေပြီး ဒေသခံများ၏ အသက်အိုးအိမ်ပျက်စီးဆုံးရှုံးမှုများရှိနေသည်ဟု သိရသည်။

    စစ်ဘေးရှောင်ဦးရေတိုးလာနေပြီး စားနပ်ရိက္ခာ၊ ရေသန့်နှင့် ဆေးဝါးလိုအပ်ချက်များ ပိုမိုများလာသော်လည်း အဖွဲ့အစည်းများအနေဖြင့် လုံလောက်စွာ ဖြည့်ဆည်းပေးရန် ခက်ခဲလာသည်ဟု  ဗမာပြည်တောင်ပိုင်း လူသားချင်းစာနာထောက်ထားမှုကွန်ယက်မှ တာဝန်ရှိသူအမျိုးသမီးက ပြောသည်။

    ပုံ- ဗမာပြည်တောင်ပိုင်း လူသားချင်း စာနာထောက်ထားမှုကွန်ယက်

    “သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်တွေ၊ကလေးငယ်တွေဆို စိတ်ပင်ပန်းမှုတွေ၊ နေထိုင်လို့ အဆင်မပြေမှုတွေ အများကြီးပေါ့။ အလှူရှင်တွေဆီကနေ အကူအညီတွေက အရင်လိုမရနိုင်ဘူးပေါ့နော်၊ စကမအနေနဲ့ စစ်ကြောင်းထိုး၊ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းစတာတွေနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေကို ထိခိုက်တာတွေကများနေတယ်။ အချိန်ကြာလာတော့ အလှူရှင်တွေလဲ ပန်းလာကြပြီးလေ ဖြစ်တာကလဲ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုတော့” ဟု တာဝန်ရှိသူအမျိုးသမီးက ပြောသည်။

    စစ်ဘေးရှောင်အရေးကူညီနေသည့် ကုလသမဂ္ဂအဖွဲ့မှ အကူအညီပြတ်တောက်သွားသည့်နောက် ခက်ခဲလာခြင်းဖြစ်ပြီး လက်ရှိတွင် ပြည်ပအလှူရှင်အဖွဲ့အစည်းအနည်းငယ်ဖြင့်သာ ရပ်တည်နေရကြောင်းလည်း သိရသည်။  

    အကူအညီရရှိမှုမရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းကြောင့် မွန်ဒေသအတွင်း ရေရှည်စစ်ဘေးရှောင်နေသူများအများစု ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြပြီး အနည်းစုသာ ဥယျာဉ်ခြံ၊ ဆွေမျိုးမိဘရှိရာနေရာများတွင် ခိုလှုံနေထိုင်ကြကြောင်း ရေးမြို့နယ်ဒေအတွင်း IDP ကူညီရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသားတစ်ဦးက ပြောသည်။

    “စခန်းနေရာအတိအကျမှာ ရှောင်တာမဟုတ်တော့ဘူး။ သူတို့အဆင်ပြေသလို သူတို့နေနေရတယ်။ ဒါမဲ့သေချာတာတစ်ခုက သူတို့ရွာပြန်လို့မရတာတစ်ခုပေါ့။ ကျနော်တို့မှာ သူတို့ရှောင်နေတာ အကြာဆုံးချိန်က လနှင့်ချီရှောင်နေရတဲ့သူတွေရှိတယ်။ အများစုကသူတို့ကို လုံခြုံရေးပေးနိုင်တဲ့နေရာတွေကိုပဲ ရှောင်ကြတာပေါ့။ ယနေ့ထိ ရှောင်နေရတဲ့ သူတွေလည်း ရှိတယ်။ ကူညီထောက်ပံ့နိုင်သလောက်တော့ ကြိုးစားကူညီပေးတယ်” ဟု ထိုသူက ဆက်ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး၊ လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့တိုက်ခိုက်မှု စသည့် စစ်ကော်မရှင်တို့၏ စစ်ရေးလှုပ်ရှားမှုများနှင့် တိုက်ပွဲများကြောင့် မွန်ပြည်နယ်တွင် ဒေသခံပြည်သူ ၄၀၀၀ ကျော်၊ ကရင်ပြည်နယ်တွင် ပြည်သူ ၅၀၀၀ ကျော်နှင့် တနင်္သာရီတိုင်းရှိ ရေဖြူမြို့တွင် ပြည်သူ ၂၀၀၀ ဝန်းကျင် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ကြောင်း  ဗမာပြည်တောင်ပိုင်း လူသားချင်း စာနာထောက်ထားမှု ကွန်ယက်မှ အချက်အလက်ရ သိရသည်။

    အဆိုပါစစ်ဘေးရှောင်များ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများ၊ အရေပြားရောဂါအပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူများလည်း ရှိနေသည်။

    ပြည်တွင်းပြည်ပ  အကူအညီများ လျော့နည်းလာသည့်နောက် စစ်ရှောင်များသည် တောင်ယာလုပ်ငန်းတွင်လည်းကောင်း၊ တစ်နိုင်တစ်ပိုင် လုပ်ငန်းများတွင်လည်းကောင်း ဝင်ရောက်လုပ်ကိုလာကြပြီး ဝင်ငွေမရှိသည့် စစ်ဘေးရှောင်များအတွက် စားဝတ်နေရေးပိုမိုခက်ခဲလာနေကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts