spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များထံ အောက်တိုဘာလအတွင်း စစ်သုံ့ပန်း၊ လက်နက်ချနှင့် အလင်းဝင်လာသူ ၁၂၅ ဦးအထိရှိ

    တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များထံ အောက်တိုဘာလအတွင်း စစ်သုံ့ပန်း၊ လက်နက်ချနှင့် အလင်းဝင်လာသူ ၁၂၅ ဦးအထိရှိ

    -

    တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များထံ စစ်ကော်မရှင် တပ်သား၊ ရဲနှင့် ပြည်သူ့စစ်အဖွဲ့ဝင်များမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း စစ်သုံ့ပန်း၊ လက်နက်ချနှင့် အလင်းဝင်လာသူ စုစုပေါင်း ၁၂၅ ဦးအထိ ရှိသည်ဟု စစ်သုံ့ပန်းဆိုင်ရာ အချက်အလက်များကို စုဆောင်းနေသည့် ပြည်သူ့ပန်းတိုင်အဖွဲ့မှ ထုတ်ပြန်ထားသည်။

    ထုတ်ပြန်ချက်အရ စစ်သုံ့ပန်းနှင့် လက်နက်ချအလင်းဝင်လာသူ (၁၂၅) ဦးအနက် ကိုယ်တိုင်လာရောက် အလင်းဝင်ပူးပေါင်းသူ စုစုပေါင်း (၄၅) ဦးရှိပြီး၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း (၈၀) ဦးအထိရှိကြောင်း ဖော်ပြထားသည်။

    စစ်ကောင်စီမှ အဓမ္မစုဆောင်းထားသည့် စစ်မှုထမ်းတပ်သားများ များလာသည်နှင့်အမျှ အလင်းဝင်တပ်သားများတိုးလာနေပြီး  ပြီးခဲ့သည့်အောက်တိုဘာလအတွင်း လက်နက်နှင့်တကွ အလင်းဝင်သူ စစ်မှုထမ်းတပ်သားသစ် (၅၈) ဦးအထိ ပါဝင်ကြောင်းလည်း သိရသည်။

    ပုံ- ပြည်သူ့ပန်းတိုင်အဖွဲ့မှ လက်နက်ချ အလင်းဝင်သူများနှင့် CDM စစ်သားများအား အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများပို့ချနေစဉ်

    "ဒီလတွေမှာတွေ့ရတာကတော့ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်တာပေါ့နော်၊ သူတို့အခုနောက်ပိုင်းမှာတစ်ဦးတစ်ယောက်ချင်းစီထက်ပေါ့နော် အစုအဖွဲ့လေးတွေနဲ့ လက်နက်နဲ့တကွ အလင်းဝင်လာတာ ပိုများလာတာတွေ့ရပါတယ်။ အလင်းဝင်တဲ့အထဲမှာတော့ အခုကာလမှာ စစ်မှုထမ်းတပ်သားသစ်တွေက ပိုပြီးတော့အရင်ပေါ့နော် သူတို့တပ်မှာရှိတဲ့ တပ်သားတွေထက်နှိုင်းရင် စစ်မှုထမ်းတပ်သားသစ်တွေက ပိုများနေတယ် သိသိသာသာ ပိုများနေတယ်" ပြည်သူ့ပန်းတိုင် တာဝန်ရှိသူတစ်ဦးက ပြောသည်။

    တော်လှန်ရေးလက်နက်တပ်ဖွဲ့များထံ ရောက်ရှိနေသည့် စစ်သုံ့ပန်းနှင့် အလင်းဝင်ပူးပေါင်းသူများသည် စစ်တပ်၊ ရဲနှင့် ပြည်သူ့စစ်များ ပါဝင်ပြီး မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ပဲခူးနှင့် မွန်ပြည်နယ် စသည့်တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဖြစ်ကြောင်းလည်း ပြည်သူ့ပန်းတိုင်မှ အချက်အလက်အရ သိရသည်။

    အဆိုပါအလင်းဝင်တပ်သားများနှင့် မိသားစုဝင်များကို ပြည်သူ့ပန်းတိုင်အဖွဲ့အစည်းမှ ရေရှည်အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘဝရပ်တည်နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများကို သင်ကြားပေးနေသည်ဟု သိရသည်။

    “ဒီအလင်းဝင်လာတဲ့သူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက်ပေါ့နော် ဘဝရပ်တည် ရှင်းသန့်ရေးအတွက် အသက်မွေးသင်တန်းတွေကို ယောက်ျားလေးဆို သူနဲ့သက်ဆိုင်တဲ့ သင်တန်းတွေ၊ မိန်းကလေးဆိုလည်း သူနဲ့သက်ဆိုင်တဲ့ သင်တန်းတွေပေါ့ ဆောင်ရွက်ပေးတာရှိတယ်” ဟု ထိုသူက ဆက်ပြောသည်။

    ၎င်းအပြင် အလင်းဝင်တပ်သားအချို့မှ ၎င်းတို့ကိုယ်တိုင် ပြည်သူ့ပန်းတိုင်အဖွဲ့အစည်းနှင့်တိုက်ရိုက်ဆက်သွယ်ပြီး စားဝတ်နေထိုင်ရေးအကူအညီများ တောင်းခံလာသည့်အပေါ် ကူညီဆောင်ရွက်မှုများ လုပ်ဆောင်ပေးနေကြောင်းလည်း ဆက်ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ ယခုအောက်တိုဘာလအထိ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ပူးပေါင်းသူနှင့် လက်နက်ချစစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စုစုပေါင်း ၂၂၄၆ ဦးအထိ ရှိလာကြောင်း သိရသည်။

    ပြည်သူ့ပန်းတိုင်အဖွဲ့သည် အလင်းဝင်သူများ၊ လက်နက်ချသူများနှင့် စစ်သုံ့ပန်းဆိုင်ရာ အချက်အလက်များကို စုဆောင်းခြင်း၊ သက်မွေးသင်တန်းများ ပို့ချခြင်း၊ သက်ဆိုင်ရာတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကူအညီနှင့် ရိက္ခာထောက်ပံ့မှုများ လုပ်ဆောင်ပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks