မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲလံဖားကဒူးကျေးရွာအနီးတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့က မဲလံကျောင်းကျေးရွာနေ အသက် ၄၀ နှစ်အရွယ် ဒေါ်သိန်းဝင်းဆိုသူသည် တောခုတ်ရန် အသွား မဲလံဖားကဒူးကျေးရွာအနီး လမ်းခုလပ်တွင် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။
မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ဒေါ်သိန်းဝင်းသည် နောက်ကျော၊ လက်နှင့် တင်ပါးတွင် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့သည်။

မြေမြှုပ်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည့် ဒေါ်သိန်းဝင်းကို ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်းပြီး ထိုမှတဆင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရသည်ဟု ဒေသခံတို့က ပြောသည်။
“အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်” ဟု ၎င်းဒေသခံက ဆက်ပြောသည်။
ဘီးလင်းမြို့နယ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူများ မကြာခဏထိခိုက်သေဆုံးမှု များရှိခဲ့သော်လည်း မြေမြှုပ်မိုင်းပေါက်ကွဲမှု အများစုမှာ လက်သည်မပေါ်သည့် အခြေအနေတွင် ရှိနေသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာ ရွှေအင်ဒုံ ဘုန်းကြီးကျောင်းအနီးတွင် အသက် ၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦး မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။


