spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် အလှပြင်ဆိုင် ဖွင့်ထားသည့် LGBT သုံးဦး သေနတ်ဖြင့် ပစ်ခံရ၊ နှစ်ဦးသေဆုံး

    မော်လမြိုင်တွင် အလှပြင်ဆိုင် ဖွင့်ထားသည့် LGBT သုံးဦး သေနတ်ဖြင့် ပစ်ခံရ၊ နှစ်ဦးသေဆုံး

    -

    မွန်ပြည်နယ်၏ မြို့တော် မော်လမြိုင်မြို့တွင် အလှပြင်ဆိုင် ဖွင့်လှစ်ထားသည့် LGBT သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။

    ယမန်နေ့ နိုဝင်ဘာလ ၉ ရက်နေ့ ည ၁၀ နာရီခန့်က LGBT သုံးဦးသည် ဆိုင်ကယ်တစီးဖြင့် မော်လမြိုင်မြို့ လှိုင်ရပ်ကွက် ပွဲဈေးမှ ပြန်လာချိန် နောက်မှ ဆိုင်ကယ်စီးလာသော အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

    “ပွဲဈေးရှိတယ်လေ။ အဲဒါပြန်လာတာ။ ပြန်လာတဲ့အချိန် လမ်းမှာ နောက်ကနေ ဆိုင်ကယ်တစီးလိုက်လာတာ သတိထားမိတယ်။ အဲဒါနဲ့ အမြန်မောင်းပြီး သူတို့ ဖွင့်ထားတဲ့ အလှပြင်ဆိုင်ရှေ့အရောက်မှာ ဆိုင်ကယ် ရပ်လိုက်တဲ့အချိန် နောက်ကနေ ပစ်သွားတာပဲ” ဟု ထိခိုက်ဒဏ်ရာရရှိခဲ့သည့် LGBT တဦး၏ ပြန်လည် ပြောဆိုချက်အပေါ် သိရှိထားသည့် မြို့ခံတဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    သေနတ်ပစ်ခတ်ခံရမှုကြောင့် အသက် ၃၀ အရွယ်ဝန်းကျင်ရှိကြသည့် မာမက်အာယွန်း၊ တင်ကိုကိုဦးတို့ နှစ်ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးကာ ဇွဲဝေယံထက်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မော်လမြိုင်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသော်လည်း အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ၎င်းက ဆက်ပြောသည်။

    အဆိုပါ သေနတ်ပစ်ခတ်ခံရသည့် LGBT သုံးဦးသည် မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်း၊ မဟာမြိုင် (၉)လမ်းထိပ်တွင် “မြင်သူလန်း” ဆံပင်မိတ်ကပ်အလှပြင်ဆိုင်ဖွင့်လှစ်ထားသူများ ဖြစ်ကြသည်ဟု မြို့ခံအချို့က ပြောသည်။

    အခင်းဖြစ်ပွားရာနေရာတွင် 9 mm အမျိုးအစား ကျည်ခွံ ၄ ခု နှင့် 9 mm ကျည်ထပ်ဖူးတစ်ခုတွေ့ရှိထားသည်ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

    LGBT သုံးဦးကို မည်သူက မည်သည့်အကြောင်းကြောင့် သေနတ်ဖြင့် ပစ်ခတ်သွားသည်ကို မသိရှိရသေးပေ။

    “အဲဒီညကလည်း ပတ်ဝန်းကျင်လူတွေ မသိလိုက်ဘူး။ ဖြစ်ဖြစ်ပြီးတော့မှ တနာရီလောက်ကြာ ရဲတွေ ဘာတွေ ရောက်လာမှ လူတွေ သိကုန်တာ။ ဘာဖြစ်လို့ ပစ်လဲတော့ မသိဘူးပေါ့နော်။ အလောင်းက တနေရာတည်း မဟုတ်ဘူး။ ပစ်ခံရပြီး ဟိုပြေး ဒီပြေးပြီး အဲဒီအနားက တနေရာစီပဲ အလောင်းပြန် တွေ့တာ” ဟု အခင်းဖြစ်ရပ်ပတ်ဝန်းကျင်တွင် နေထိုင်သည့် အမျိုးသမီးတဦးက ပြောသည်။

    အဆိုပါပစ်ခတ်သွားသည့် သေနတ်သမားနှစ်ဦးကို ယနေ့ နိုဝင်ဘာလ ၁၀ ရက် မွန်းလွဲပိုင်းအထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မော်လမြိုင်မြို့ပေါ်တွင် ဒလန်လို့ စွပ်စွဲပြီး ပစ်သတ်ခံရသည့် ဖြစ်စဉ်မျိုး ရှိခဲ့သော် လည်း ယခုဖြစ်စဉ်သည် နိုင်ငံရေးကိစ္စများနှင့် ဆက်စပ်မှု မရှိနိုင်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။ သို့သော် မော်လမြိုင်မြို့ပေါ်တွင် ခိုးဆိုးလုယက်မှုများကဲ့သို့သော ဖြစ်စဉ်များ မကြာမကြာ ဖြစ်ပွားလေ့ရှိနေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks