အမြင်သုံးသပ်ချက်၊ မာံသဟာဲ (မင်းစဟိုင်း)
မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲသည် အဓိကငြင်းခုံဖွယ်ရာ ခေါင်းစဉ်တစ်ခု ဖြစ်နေသည်။ မကြာသေးမီက ထွက်ရှိခဲ့သော မွန်ညီညွတ်ရေးစာစဉ်မှ အယ်ဒီတာအာဘော်တစ်ရပ်တွင် ကမ္ဘာ့နိုင်ငံရေး အခြေအနေကို သုံးသပ်ပြပြီး မွန်အမျိုးသားများအနေဖြင့် “အမျိုးသားအကျိုးစီးပွားအတွက် ရွေးကောက်ပွဲနှင့် နောက်ဆက်တွဲရလဒ်များကို အသုံးချနိုင်ရန် ကြိုးပမ်းရတော့မည်” ဟု တိုက်တွန်းထားသည်ကို တွေ့ရသည်။ ၎င်းက ထိုသို့ကြိုးပမ်းခြင်းသည် “အမျိုးသားရေးအား သစ္စာဖောက်ခြင်း မဟုတ်” ဟုလည်း ဆိုထားသည်။
သို့သော် ဤတိုက်တွန်းချက်သည် အလွန်အမင်း မေးခွန်းထုတ်ဖွယ်ရာ ဖြစ်နေသည်။ “အမျိုးသားအကျိုးစီးပွား” ဟု ခေါင်းစဉ်တပ်ထားသော်လည်း ဤရွေးကောက်ပွဲလမ်းကြောင်းသည် အမှန်တကယ် ဘယ်သူ့အတွက် အကျိုးဖြစ်ထွန်းစေမည်နည်း။ ၎င်းသည် မွန်လူမျိုးတို့၏ စစ်မှန်သော နိုင်ငံရေးရည်မှန်းချက်များနှင့် ကိုက်ညီပါရဲ့လား။

∆ အမျိုးသားအကျိုးစီးပွား (သို့မဟုတ်) အရိုးဝါးရန် ချန်ထားသော ဝေစု
ပထမဦးစွာ “အကျိုးစီးပွား” ဟူသော စကားရပ်ကို သတိကြီးစွာ ဆန်းစစ်ရန် လိုအပ်သည်။ ဤရွေးကောက်ပွဲတွင် ပြည်သူလူထုက ပေးလိုက်သော ဆန္ဒမဲတစ်ပြားသည် စစ်တပ်အတွက်သာ အကျိုးဖြစ်သွားစေမည်ဖြစ်ကြောင်း လဂွန်းအိမ်စာစဉ်မှ သုတေသန အတိုင်ပင်ခံတစ်ဦးဖြစ်သူ စိုက်ချမ်းက ထောက်ပြထားသည်။ အဘယ်ကြောင့်ဆိုသော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်သည် ၂၅ ရာခိုင်နှုန်းကို အပိုင်ယူထားပြီးဖြစ်သည်။ ကျန်ရှိသော (၇၅) ရာခိုင်နှုန်းထဲမှ (၇၀) ရာခိုင်နှုန်းခန့်ကို စစ်တပ်၏ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရရှိရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး တိုင်းရင်းသားပါတီများအတွက်မူ “အရိုးဝါးဖို့ရန်” (၅) ရာခိုင်နှုန်းခန့်သာ ချန်ထားပေးခြင်းဖြစ်သည်။
ဤသည်မှာ အမျိုးသားအကျိုးစီးပွားအတွက် အခွင့်အလမ်းကို “အသုံးချခြင်း” မဟုတ်ဘဲ စစ်တပ်က ကြိုတင်ခွဲဝေပေးထားသော အညှီအဟောက်ကို လက်ခံယူခြင်းသာ ဖြစ်သည်။ ထို့ထက် ပို၍ စိုးရိမ်ဖွယ်ရာမှာ စစ်တပ်သည် ၎င်းတို့ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို နောက်ကြောင်းပြန် အရေးမယူနိုင်ရန်နှင့် တရားစွဲဆိုခွင့် မရရှိစေရန် ဤရွေးကောက်ပွဲကို အသုံးချနေခြင်းဖြစ်သည်။ ၎င်းတို့၏ “သူခိုး ဓားပြအဆင့်” မှ “ပြည်သူ့အုပ်ချုပ်သူ” အဖြစ် အသွင်ပြောင်းရန် ကြိုးပမ်းနေခြင်းကို ဝင်ရောက် အသိအမှတ်ပြုပေးခြင်းသည် “အမျိုးသားအကျိုးစီးပွား” လား သို့မဟုတ် “ပုဂ္ဂိုလ်ရေးအကျိုးစီးပွား” လားဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။
∆ “အသုံးချ” ရန် စနစ်မရှိသော ရွေးကောက်ပွဲ
မွန်ညီညွတ်ရေးစာစဉ်၏ အယ်ဒီတာအာဘော်က “ရလဒ်များကို အသုံးချနိုင်ရန်” ဆိုသော်လည်း အမှန်တကယ် အသုံးချနိုင်သော၊ တာဝန်ခံမှုရှိသော စနစ်တစ်ခု မရှိသည်မှာ ထင်ရှားသည်။
ပထမအချက် – စစ်တပ်သည် သူတို့မကြိုက်သည့် ရလဒ်ကို အချိန်မရွေး ဖျက်သိမ်းနိုင်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲအပြီး အာဏာသိမ်းမှုက သက်သေပြခဲ့ပြီး ဖြစ်သည်။ ဒုတိယအချက် – စစ်မှန်သော ဒီမိုကရေစီ၏ အခြေခံဖြစ်သော လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်၊ ပြောဆိုခွင့်၊ ဖွဲ့စည်းတည်ထောင်ခွင့်များကို လုံးဝ ပိတ်ပင်ထားသည်။ တတိယအချက် – ဤရွေးကောက်ပွဲကို ဝေဖန်သုံးသပ်ရုံမျှဖြင့် အကြမ်းဖက်မှုမြောက်ပြီး သေဒဏ်အထိ ချမှတ်နိုင်သော ဥပဒေကို ပြဋ္ဌာန်းထားခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်၏ အာဏာရှင်ဆန်မှုကို ပိုမိုထင်ရှားစေသည်။
ဤအခြေအနေသည် “လက်နက်ပြပြီး ဆန္ဒမဲပေးခိုင်းတဲ့ အဆင့်” သို့ ရောက်နေပြီဖြစ်သည်။ ထိုသို့သော အခင်းအကျင်းတွင် ရလဒ်ကို “အသုံးချခြင်း” ဆိုသည်မှာ အဓိပ္ပာယ်မဲ့သော စကားမျှသာ ဖြစ်သည်။
∆ စစ်မှန်သော ပန်းတိုင်ကို မမေ့ရန်
အချို့က ရွေးကောက်ပွဲဝင်ခြင်းသည် “နိုင်ငံရေးဘောင်ကျယ်စေပြီး စစ်ဘောင်ကျဉ်းသွားစေမည်” ဟု မျှော်လင့်ကြသော်လည်း စစ်တပ်သည် “စစ်ဘောင်ချဲ့ချင်လို့သာ” အာဏာသိမ်းခဲ့ခြင်း ဖြစ်သည်။ မဲတစ်ပြားပေးလိုက်ခြင်းဖြင့် မီးလောင်တိုက်ဖြစ်ခဲ့သော ဓမ္မသရွာ ပြန်လည်ကောင်းမွန်လာမည် မဟုတ်သလို ကမ်းနီရွာ ဗုံးကြဲခံရမှုများ၊ ရေဖြူမြို့နယ်မှ စစ်ရှောင်ပြည်သူများ၏ ဒုက္ခများလည်း ပြီးဆုံးသွားမည် မဟုတ်ပါ။
တက်လာမည့် အတုအယောင်အစိုးရသည် ပြည်သူတို့၏ နစ်နာဆုံးရှုံးမှုများကို ဘာတစ်ခုမှ လုပ်ဆောင်ပေးနိုင်မည် မဟုတ်ပါ။ မွန်လူမျိုးစုများ၏ ရည်မှန်းချက်သည် ဤရွေးကောက်ပွဲမှရမည့် နေရာထိုင်ခင်းမျိုး မဟုတ်ပါ။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရေး ပန်းတိုင်ကိုသာ ဆက်လက်ကိုင်စွဲပြီး ပြည်သူလူထု တော်လှန်ရေးကို ရပ်တန့်ပစ်လိုက်၍ မရကြောင်း သံန္နိဋ္ဌာန်ချထားရန် လိုအပ်သည်။
ထို့ကြောင့် “အမျိုးသားအကျိုးစီးပွား” ဟူသော ခေါင်းစဉ်အောက်မှ ဤရွေးကောက်ပွဲလမ်းကြောင်းသည် စစ်တပ်၏ အတုအယောင် တရားဝင်မှုကိုသာ အထောက်အကူပြုမည်ဖြစ်ပြီး မွန်လူမျိုးတို့၏ စစ်မှန်သော နိုင်ငံရေးရည်မှန်းချက်များကို လမ်းလွဲသွားစေနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။


