စစ်အုပ်စုကြောင့် အောက်တိုဘာလအတွင်း နိုင်ငံတဝှမ်းတွင် အမျိုးသမီး ၇၀ ဦး သေဆုံးခဲ့ရသည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့ နိုဝင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။
BWU ၏ အချက်အလက်များအရ သေဆုံးအမျိုးသမီး ၇၀ ဦးတွင် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ၅၆ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးသူ ၈ ဦး၊ တမရား သတ်ဖြတ်ခံရသူ ၅ ဦး၊ မြေမြုပ်မိုင်းနင်းမိမှုကြောင့် ၁ ဦး သေဆုံးကြောင်း ဖော်ပြပါရှိသည်။
သေဆုံးသည့် အမျိုးသမီး ၇၀ ဦးအနက် ၁၄ ဦးသည် အသက် ၁၈ နှစ်အောက်များဖြစ်ကြသည်ဟုလည်း BWU က ဖော်ပြထားသည်။

စစ်အုပ်စုကြောင့် သေဆုံးသည့် အမျိုးသမီး ၇၀ ဦးတွင် ရှမ်းပြည်နယ်မှ ၂၃ ဦး၊ မန္တလေးတိုင်းမှ ၁၃ ဦးနှင့် စစ်ကိုင်းတိုင်းမှ ၁၀ ဦး၊ ချင်းပြည်နယ်မှ ၃ ဦး၊ မကွေးတိုင်းမှ ၃ ဦး၊ ရခိုင်ပြည်နယ်မှ ၂ ဦး၊ ဧရာဝတီတိုင်းမှ ၄ ဦး၊ ပဲခူးတိုင်းမှ ၅ ဦး၊ ကရင်ပြည်နယ်မှ ၃ ဦး၊ မွန်ပြည်နယ်မှ ၃ ဦးနှင့် တနင်္သာရီတိုင်းမှ ၁ ဦးတို့ ဖြစ်သည်ဟု BWU က ထုတ်ပြန်ထားသည်။
အမျိုးသမီးသေဆုံးမှု အများဆုံးသည် ရှမ်းပြည်နယ်မှ ဖြစ်ပြီး၊ ရှမ်းပြည်နယ်(မြောင်ပိုင်း) တွင် အောက်တိုဘာလအတွင်းက စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၃၀ ကျော် ပြုလုပ်ခဲ့သည်ဟုလည်း BWU က ဆိုသည်။
၎င်းပြင် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှု၊ တမရားနှိပ်စက်မှု၊ မြေမြုပ်မိုင်း၊ ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုများကြောင့် အမျိုးသမီး ၈၀ ဦးလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
အကြမ်းဖက် စစ်အုပ်စုသည် အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် အမျိုးမျိုးသော ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ကျူးလွန်လျက်ရှိသည်ဟု BWU က ထုတ်ပြန်ထားသည်။
လက်ရှိတွင်လည်း စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်ခြင်းကို ယခင်ကထက် ပိုမို အသုံးပြုကာ အကြမ်းဖက် လုပ်ရပ်များကို တွင်ကျယ်စွာ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။


