မွန်ပြည်နယ်တွင် ပြီးခဲ့သည့် တန်ဆောင်တိုင်ကာလအတွင်း စက်သုံးဆီများပြတ်လပ်မှု ဖြစ်ပေါ်နေပြီး လက်ရှိ ဆီအရောင်းဆိုင်များတွင် ပြန်လည်ရောင်းချပေးနေသော်လည်း လိုအပ်သလောက်မရရှိဘဲ အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရသည်ဟု ဒေသခံများနှင့် စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
မုဒုံဆိပ်ကမ်းဘက်မှတစ်ဆင့် မွန်ပြည်နယ်တစ်ခုလုံးအတွက် စက်သုံးဆီဖြန့်ဖြူးနေသည့် ကုမ္ပဏီ၏ ဖြန့်ဖြူးရေးနည်းစနစ်လိုအပ်ချက်ကြောင့် မွန်ဒေသခံများ တစ်လနီးပါးကြာ စက်သုံးဆီမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်။
ယခုရက်ပိုင်းတွင် မော်လမြိုင်မြို့ပေါ် စက်သုံးဆီအရောင်းဆိုင်များမှ မော်တော်ယာဉ်တစ်စီးလျှင် သုံးသောင်းကျပ်၊ ဆိုင်ကယ်တစ်စီးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့်ရောင်းချပေးလျှက်ရှိပြီး တန်းစီဝယ်ယူနေရကြောင်းလည်း မြို့ခံတစ်ဦးက ပြောသည်။
“အခုလည်းပြတ်နေပါတယ် ဆိုင်ကယ်တွေရော၊ ကားတွေရော တန်းစီပြီးဝယ်ရတယ်ပေါ့။ သုံးသောင်းဖိုးရောင်းပေးတယ် အကန့်အသတ်နဲ့ လိုသလောက်တော့မရဘူး။ ဆိုင်တိုင်းလိုလိုပဲ အကန့်အသတ်နဲ့ရောင်းတာက မော်လမြိုင်မှာယိုးဒယားဆီရောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ် အဲ့တာကရတယ်။ ဈေးကြီးတယ်။ ဆီရနည်းတယ် တန်းမစီချင်တဲ့သူတွေဆို အဲ့မှာသွားထည့်လို့ရတယ်” ဟု ပြောသည်။
ပေါင်မြို့နယ်တွင် ယနေ့အထိ ဓာတ်ဆီဆိုင်ကြီးများ ဖွင့်လှစ်ရောင်းချခြင်းမရှိသေးကြောင်း၊ တစ်နိုင်တစ်ပိုင် ဆီဆိုင်များမှ လူတစ်ဦးလျှင် ၅၀၀၀ နှုန်းဖြင့်သာရောင်းချပြီး လည်ပတ်နေကြာင်းလည်း ဆိုသည်။
ရက်ရှည်ကြာ ဓာတ်ဆီမလုံလောက်မှုဖြစ်နေပြီး ဆိုင်ပိတ်ထားရသည့်အခြေအနေများကြောင့် ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်နှင့် ဆန်စက်လုပ်ငန်းအချို့ စက်သုံးဆီပြန်လည်ရရှိမည့်အချိန်ကို စောင့်ဆိုင်းပြီး လုပ်ငန်းရပ်နားထားရသည်။
မွန်ပြည်နယ်အတွင်း ဖြန့်ဖြူးမည့်စက်သုံးဆီများကို မုဒုံဆိပ်ကမ်းမှတစ်ဆင့် ပြောင်းလဲတင်သွင်းပြီးနောက် စက်သုံးဆီဖြန့်ဖြူးခွင့်ရရှိသူများ၏ စီမံခန့်ခွဲမှုစနစ်မကျသောကြောင့် ဆီပြတ်လပ်မှုကြုံတွေ့နေရသည်။
စက်သုံးဆီဖြန့်ဖြူးရေးတာဝန်ရှိသူများမှ ဘုရားသုံးဆူဘက်သို့ စက်သုံးဆီများကို တရားမဝင်တင်သွင်းနေခြင်းနှင့် နီးစပ်ရာ လုပ်ငန်းရှင်ကြီးများကိုသာ ဦးစားပေးရောင်းချနေသဖြင့် ပြတ်လပ်မှုဖြစ်နေရကြောင်းလည်း ရေးဒေသခံတစ်ဦး သုံးသပ်ပြောဆိုသည်။
"ရေးမြို့လည်း အဆင်မပြေတော့ဘူး။ တန်းစီနေရပြီး အများပြည်သူအဆင်ပြေအောင် မလုပ်ဆောင်ဘဲနဲ့ နီးစပ်ရာလူ နီးစပ်ရာ ခရိုနီတွေကိုသာ အခွင့်အရေးပေးနေတယ်။ ဆိုတော့ ဆီပြဿနာက ဒီအတိုင်းပဲ ခရီးဆက်နေရဦးမှာ သေချာပါတယ်"ဟု ဆိုသည်။
Denko ဆီဆိုင်မှ ယနေ့ ရောင်းချနေသော စက်သုံးဆီလက်လီ ဈေးနှုန်းဖော်ပြချက်များရ မွန်ပြည်နယ်တွင် အောက်တိန်း 92 တစ်လီတာ ၂၉၂၅ ကျပ် 95 တစ်လီတာ ၃၀၁၀ အပြင် ဒီဇယ်တစ်လီတာ ၃၂၆၅ ကျပ်၊ ပရီမီယမ်ဒီဇယ်တစ်လီတာ ၃၃၁၅ ကျပ်၊ စျေးနှုန်းရှိနေသည်။
သို့သော် ဆီရရှိမှုအခက်အခဲကြောင့် စက်သုံးဆီဆိုင်များ၏ တရားဝင်ဈေးနှုန်းဖော်ပြချက်များထက် ပိုမိုပေးဆောင်ဝယ်ယူနေရသည်ဟု ဝယ်ယူသူများက ပြောသည်။
ပုံ-MSM


