Wednesday, March 11, 2026
More
    spot_img
    Homeသတင်းဂျပန်ရေတွင်းရွာတွင် တရုတ်လူမျိုးဟု ယူဆရသည့် အမျိုးသားတစ်ဦး၏အလောင်းတွေ့ရှိ

    ဂျပန်ရေတွင်းရွာတွင် တရုတ်လူမျိုးဟု ယူဆရသည့် အမျိုးသားတစ်ဦး၏အလောင်းတွေ့ရှိ

    -

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဂျပန်ရေတွင်းရွာတွင် တရုတ်လူမျိုးဟုယူဆရသည့် အမျိုးသားတစ်ဦး၏အလောင်းကို ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံများ တွေ့ရှိခဲ့ကြောင်း သိရသည်။

    အဆိုပါအလောင်းကို ဂျပန်ရေတွင်းရွာ၊ ဘောလုံးကွင်းဘေးရှိ ရာမညမွန်ဘုန်းကြီးကျောင်းအရှေ့တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရိုက်နှက်ဒဏ်ရာများဖြင့် ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြောင်း သိရသည်။

    ရွာခံတစ်ဦး၏ပြောပြချက်အရ ယမန်နေ့ နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းအချိန်၌ အဆိုပါအလောင်းကို Pro Box ကားတစ်စီးနှင့် လာရောက်ပစ်ချထားခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် လမ်းသွားလမ်းလာဒေသခံများက တွေ့ရှိခဲ့ကြောင်း ဆိုသည်။

    ပုံ- ဒေသခံတစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာ

    “ ၈ နာရီ ၉ နာရီလောက်မှာပေါ့၊ ကားနဲ့လာပြီးပစ်ထားတယ်။ ညကတည်းက လာပစ်ထားတာ၊ ဒီမနက်ကျမှ ကျနော်တို့တွေ့တယ်။ ကားကိုတော့ဖမ်းလို့မရသေးဘူးလေ။ ကားနံပါတ်လည်း ကိုယ်မှမသိတာ။ "ဟု ရွာခံက ဆိုသည်။

    ရိုက်နှက်ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားသည် အသက် ၃၀ နှင့် ၄၀ ဝန်းကျင်အရွယ်ရှိနိုင်ပြီး တရုတ်လူမျိုး၏ မျက်နှာပုံရှိသဖြင့် တရုတ်လူမျိုးဟု အသေအချာပြောနိုင်ကြောင်းလည်း ဆိုသည်။

    လက်ရှိ ဂျပန်ရေတွင်းရွာတွင် တရုတ်လူမျိုးများ ဝင်ရောက်နေထိုင်ခြင်းမရှိဟု သိရှိရပြီး ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဂျပန်ရေတွင်းအုပ်ချုပ်ရေးမှုးအဖွဲ့နှင့် ဒေသခံများက ကျူးလွန်သူတရားခံကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

    “ ဒီလိုကိစ္စတွေက ကျားဖြန့်ရုံး၊ကာစီနိုရုံးက ထွက်လာတဲ့တရုတ်တွေပဲ ဖြစ်နိုင်တယ်။ ဒါမဲ့အခုအချိန်အထိ သေဆုံးသူက ဘယ်အဖွဲ့ကလက်ခံထားတဲ့တရုတ်လည်းဆိုတာကို စုံစမ်းလို့မရသေးဘူး။ ကျနော့်အမြင်အရတော့ ကျားဖြန့်လုပ်ငန်းနဲ့ပတ်သတ်နေတာပဲဖြစ်နိုင်တယ်။” ဟု အထက်ပါရွာခံက သုံးသပ်သည်။

    ဘုရားသုံးဆူမြို့ပေါ်နှင့် မြို့ပြင်နေရာများတွင် ရောက်ရှိနေသော အွန်းလိုင်းငွေလိမ်လုပ်သား တရုတ်လူမျိုးများမတရားနှိပ်စက်ခံရခြင်းကြောင့် သေဆုံးသွားခဲ့ရသည့်ဖြစ်စဉ်များ မကြာခဏကြားသိရသော်လည်း ယခုကဲ့သို့ အလောင်းဖျောက်ကျူးလွန်မှုမျိုး ပထမအကြိမ်ဖြစ်လာကြောင်းလည်း  ပြောသည်။

    ယခုရက်ပိုင်း မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာနေရာ KK Park ကို စစ်ကော်မရှင်အဖွဲ့မှ ဝင်ရောက်စီးနင်းပြီးနောက် ဘုရားသုံးဆူမြို့နှင့် အနီးတစ်ဝိုက်တွင် တရုတ်နိုင်ငံသားများ ညပိုင်းတွင် ထပ်မံဝင်ရောက်လာနေကြောင်းလည်း ဘုရားသုံးဆူဒေသခံများမှ သိရသည်။

    ထိုင်း-မြန်မာ နယ်စပ်ရှိ အွန်လိုင်းကျားဖြန့်လုပ်ငန်းများကို စစ်ကော်မရှင်နှင့် ထိုင်းအာဏာပိုင်များက နှိမ်နင်းနေသည်ဟု ဆိုသော်လည်း ကျားဖြန့်လုပ်ငန်းမျာထံ လူရောင်းဝယ်ခံရမှု၊ အဓမ္မလုပ်အားပေးစေခိုင်းခံရမှု၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှုများ  မြင့်တက်လာနေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks