spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းတွင် တိုက်ပွဲပြင်းထန်နေရာများကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်တိုက်ခိုက်နေ

    တနင်္သာရီတိုင်းတွင် တိုက်ပွဲပြင်းထန်နေရာများကို စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက်တိုက်ခိုက်နေ

    -

    ‎‎တနင်္သာရီတိုင်းအတွင်းက တိုက်ပွဲပြင်းထန်သည့်နေရာများကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်မှု ဆက်တိုက်ပြုလုပ်နေသည်ဟု ဒေသခံနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

    တိုက်ပွဲပြင်းထန်နေသည့် တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်အတွင်းက ကျေးရွာများထဲကို စစ်အာဏာရှင်တပ်က အောက်တိုဘာလ ၂၆ ရက်နေ့ကနေ အောက်တိုဘာလ ၂၉ ရက်နေ့အထိ ၄ ရက်ဆက်တိုက် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။

    ပွင့်လင်းရာသီတွင် တနင်္သာရီတိုင်းအတွင်း တိုက်ပွဲ ပြန်လည်ပြင်းထန်လာပြီး တိုက်ပွဲနှင့်အတူ လေကြောင်းတိုက်ခိုက်မှုလည်း နှစ်ဆနီးပါး များလာသည်ဟု တနင်္သာရီတိုင်းအတွင်းက စစ်ရေးအခြေအနေကို စောင့်ကြည့်မှတ်တမ်းတင်နေသည့် FE5 Tanintharyi အဖွဲ့က ထုတ်ပြန်ပြောဆိုထားသည်။

    လက်ရှိတွင် အမှတ် (၈) ပြည်ထောင်စုလမ်း ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း လမ်းပိုင်းတစ်လျှောက်၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရးလမ်းပိုင်းတစ်လျှောက်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်ဘက်တွင် တိုက်ပွဲဖြစ်နေသည်။

    “သူတို့ (စစ်တပ်) အတွက် အဓိက အရေးကြီးတဲ့ အမှတ် (၈) လမ်းကို ထိန်းချုပ်ဖို့ အင်အား အများအပြားနဲ့ စစ်ကြောင်းထိုးနေတယ်။ ဝင်လာတဲ့စစ်ကြောင်းတွေကို တော်လှန်ရေးတပ်ဘက် ခုခံတိုက်ခိုက်နေတော့ တိုက်ပွဲက ပြင်းထန်နေတယ်။ တိုက်ပွဲမှာ သူတို့ အထိနာတော့ လေကြောင်းကို ဆက်တိုက်အသုံးပြုလာတယ်” ဟု ထားဝယ်ခရိုင်မဟာမိတ်တပ်ပေါင်းစုတာဝန်ရှိသူတစ်ဦးက ပြောသည်။

    တော်လှန်ရေးတပ်များ စိုးမိုးထိန်း ချုပ်ထားသည့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းကိုလည်း စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ရန်အတွက် အင်အားဖြည့်တင်းပြီး စစ်ကြောင်းထိုးနေသည့်အတွက် သိန်ခွန်းရွာဝန်းကျင်တွင် တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားနေသည်။

    တိုက်ပွဲများတွင် မြေပြင်စစ်ကြောင်းများ အထိနာသည့် စစ်ကော်မရှင်တပ်က ဗုံးအလုံးရေ ရာချီအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေသည်ဟု FE5 Tanintharyi အဖွဲ့က ဆိုသည်။

    လူနေကျေးရွာများထဲကို စစ်အာဏာရှင်တပ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံအရပ်သားပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသူလည်း တိုးလာသည်ဟု စစ်ဘေးရှောင်အရေးကူညီနေသူတို့ထံမှ သိရသည်။

    ၎င်းပြင် စစ်အာဏာရှင်တပ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူပိုင် နေအိမ်များလည်း ထိခိုက်ပျက်စီးမှု ရှိသလို စစ်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည်လည်း ရှိနေသည်။

    အာဏာသိမ်း စစ်ကော်မရှင်တပ်က ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် KNU ထိန်းချုပ်မှုနယ်မြေ များအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ နေရာဒေသများကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိသည်။

    KNU ထိန်းချုပ်မှုနယ်မြေများနှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ နေရာဒေသများသို့ စစ်ကြောင်း ထိုးလာသည့် စစ်ကော်မရှင်တပ်က အရပ်သား ပြည်သူများအား ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အဆက်မပြတ် ကျူးလွန်နေသည့်အပြင် အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်သည့် လုပ်ရပ်များကိုလည်း ကျူးလွန်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks