မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ ကတုံစိကျေးရွာနေအိမ်များအတွင်း သိုလှောင်ထားသည့် ထိုင်းကုန်ပစ္စည်းအများအပြားကို ဒေသအတွင်း နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသော စစ်ကော်မရှင်တပ်ဖွဲ့များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်မှ ထိုင်းကုန်ပစ္စည်းများကို စံပယ်ဂူတံတားတွင် ဖမ်းဆီးစစ်ဆေးမှုလုပ်ဆောင်နေခြင်းကြောင့် ကုန်သည်နှင့် လုပ်ငန်းရှင်များမှ မော်လမြိုင်ဘက်သို့ ကုန်ပစ္စည်းများ တင်သွင်းရန်အခက်အခဲရှိနေပြီး ကုန်ပစ္စည်းများကို ကတုံစိကျေးရွာနေအိမ်များတွင်း သိုလှောင်သိမ်းဆည်းထားကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၃၀ ရက်နေ့တွင် ကတုံစိကျေးရွာနှင့် အနီးတစ်ဝိုက်ကို တစ်အိမ်ဝင်တစ်အိမ်ထွက် စစ်ဆေးပြီး နယ်မြေရှင်းလင်းရေးလုပ်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့များသည် နေအိမ်များတွင်း သိုလှောင်ထားသော ထိုင်းကုန်ပစ္စည်းများကို ကုန်တင်ယာဉ်ကြီး ၆ စီးဖြင့် ကျိုက်မရောမြို့ဘက်သို့ သယ်ဆောင်သွားကြောင်း ဆိုသည်။

“ခုနောက်ပိုင်း လုပ်ငန်းရှင်တွေက ဘုရားသုံးဆူးမှတဆင့် ဒီဘီလပ်မြေစက်ရုံ (MCL)ဘက် ကော့ဒွန်၊ ကော့ပနောလမ်းဘက်ကို ကုန်းပစ္စည်းတွေ သွင်းလာကြတယ်။ ဒါပေမယ့် စစ်တပ်က ထိုင်းက ထိုင်းကုန်ပစ္စည်းတွေကို ဖမ်းနေလို့ဆိုပြီ အဲဒီခတုံစိရွာမှာပဲ အိမ်ငှားပြီး ကုန်ပစ္စည်းတွေ သိမ်းထားကြတယ်။ စစ်တပ်က အဲတာကို တွေ့ပြီးတော့ သိမ်းလိုက်တယ်။ သိမ်းထားတဲ့ လုပ်ငန်းရှင်တွေကိုလည်း ခေါ်ပြီး ဖမ်းလိုက်တယ်” ဟု ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။
ထို့နောက် နေအိမ်ပိုင်ရှင် အမျိုးသားနှစ်ဦးကို စစ်ကော်မရှင်အဖွဲ့မှ ယမန်နေ့ ညပိုင်းကဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကုန်ပစ္စည်းများနှင့် ပတ်သတ်မှုရှိသည့် လုပ်ငန်းရှင်များကိုလည်း အရေးယူသွားရန်ရှိကြောင်းလည်း ဆက်ပြောသည်။
ကုန်ပစ္စည်းများသည် တန်ဖိုးအားဖြင့် သိန်းထောင်နှင့်ချီရှိနိုင်ပြီး အလှကုန်၊ ကုန်ခြောက်နှင့် အခြားကုန်ပစ္စည်းမျိုးစုံပါဝင်နိုင်ကြောင်းလည်း နီးစပ်သူများမှ ဆိုသည်။
တရားမဝင်ကုန်ပစ္စည်းများကို ကုန်သွယ်မှုပြုလုပ်သည်ဟုဆိုပြီး စစ်ကော်မရှင်မှ ထိုင်းကုန်ပစ္စည်းများကို ဖမ်းဆီးလာသည့်နောက် ကုန်သည်များအနေဖြင့် ကျိုက်မရောဒေသပြင် အဆင်ပြေရာနေရာများတွင် ကုန်ပစ္စည်းများကို ထားရှိထားရကြောင်း ကျိုက်မရောဒေသခံများက ဆိုသည်။
“ခုချိန်မှာက စစ်ကော်မရှင်က ထိုင်းကကုန်ပစ္စည်းတွေဆို တအားဖမ်းတာ။ တင်းတင်းကြပ်ကြပ်စစ်ဆေးလာတာ။ တချို့တွေက ဖမ်းမှာကြောက်တော့ နေရာတစ်ခုခုမှာ သိမ်းထားလိုက်တယ်” ဟု ကျိုက်မရော-ကောပနောလမ်းပိုင်းသွားလာနေသူ ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင်လည်း စစ်ကော်မရှင်တပ်များသည် တရနာလမ်းပိုင်းရှိ ကော့ဒွန်၊ ကော့ပနောမှစတင်ကာ ခတုံစိကျေးရွာအုပ်စုအထိ လမ်းတစ်လျှောက် စစ်အင်အားအများအပြားဖြင့် နယ်မြေရှင်းလင်းမှုများ ပြုလုပ်နေပြီး ပြည်သူနေအိမ်များကိုလည်း လိုက်လံစစ်ဆေးနေကြောင်း ဒေသခံများမှ သိရသည်။
အောက်တိုဘာ ၂၆ ရက်န့မှစ၍ ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် နယ်မြေရှင်းလင်းရန် ကျိုက်မရောမြို့နယ်အတွင်းသို့ စစ်အင်အား ၂၀၀ ကျော်ဖြင့် စစ်ကော်မရှင်တပ်ဖွဲ့များ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး၊ တော်လှန်ရေးအဖွဲ့များက အနီးအနားရှိ ကျေးရွာများသို့ ဆုတ်ခွာသွားခဲ့ကြသည်ဟု သိရသည်။
ကတုံစိကျေးရွာနေအိမ်များအတွင်း ထိုင်းကုန်ပစ္စည်းများကို ဝင်ရောက်ဖမ်းဆီးခြင်းနှင့် ပတ်သတ်၍ စစ်ကော်မရှင်မှ အောက်တိုဘာ ၃၁ ရက်နေ့ ညနေပိုင်းအထိ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးပေ။
ပုံ- ဒေသခံတစ်ဦး၏ လူမှုကွန်ရက်စာမျက်နှာ


