မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အံခဲကျေးရွာနှင့် ဝဲကလောင်ကျေးရွာကြား ပင်လယ်ပြင်ရှိ ကျိုက်နဲရေလယ် ဘုရားပွဲကို ယခုနှစ်တွင်လည်း ပျော်ပွဲရွှင်ပွဲထည့်သွင်းခြင်းမရှိဘဲ အစဉ်အလာအတိုင်း အကျဉ်းချုံးပြုလုပ်သွားမည်ဟု ဒေသခံနှင့် ဘုရားဂေါပကအဖွဲ့များမှ သိရသည်။
ဘုရားပွဲရက်များဖြစ်သော တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့မှ ၃ ရက်နေ့ နံနက်ပိုင်းအထိ ဘုရားဖူးဧည့်သည်များကို ကျွေးမွေးလှူဒါန်းရန်၊ လှေဖြင့်အကြိုအပို့ လုပ်ဆောင်ရန် ဒေသခံနှင့်ဂေါပကအဖွဲ့များ ပြင်ဆင်ဆောင်ရွက်နေပြီးဖြစ်သည်။
ကျိုက်နဲဘုရားပွဲသို့ လာရောက်မည့်သူများကို နယ်မြေအခြေအနေအရ လုံခြုံရေးအပြည့်အဝမပေးနိုင်ကြောင်း စည်စည်ကားကားကျင်းပမည်ဆိုပါက စစ်ကော်မရှင်အဖွဲ့မှ လုံခြုံရေးလာရောက်ဆောင်ရွက်ပေးမည်ကို မလိုလားကြောင်း ဝါကလောင် ဒေသခံတစ်ဦးက ပြောသည်။

“ ကျိုက်ခမီလို၊ ကျိုက်တမော့လို စည်စည်ကားကားမလုပ်နိုင်ဘူးလေ နယ်မြေဒေသလည်း မတူဘူးဆိုတော့လေ၊ စည်စည်ကားကားလုပ်ရင် တာဝန်ရှိသူတွေဘက်က လုံခြုံရေးကိုစီစဉ်လာလိမ့်မယ်။ စစ်တပ်၊ ရဲတွေနဲ့ လုံခြုံရေးရှိလာတဲ့အခါကျရင် အန္တရာယ်ဖြစ်လာမှာကိုလည်းစိုးရိမ်ရတယ်။ ဒီကနေ့အခြေအနေလည်း သိကြတဲ့အတိုင်းပဲ၊ ပြည်သူတွေကမြင်းကျောပေါ်နေနေရတာသလိုပဲ” ဟု ပြောသည်။
ဘုရားပွဲတော်ကို ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပသွားရန်မရှိသော်လည်း အစဉ်အလာအရ တန်ဆောင်မုန်း လဆန်း ၁၄ ရက်နှင့် ၁၅ ရက်နေ့မှစပြီး ဘုရားဆွမ်းကပ်ခြင်း၊ ပဌာန်းရွတ်ဖတ် ပူဇော်ခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
အံခဲကျေးရွာနှင့် ရွာချင်းဆက်ဖြစ်သော ထင်းရူးရွာတွင် ကင်းပုန်းဝပ်နေသည့် စစ်ကော်မရှင်အဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားနေပြီး ဒေသခံများ လုံခြုံရေးအခြေအနေစိုးရိမ်နေရသည်။
ယခုနှစ်ဘုရားပွဲကိုလည်း စည်စည်ကားကား မကျင်းပနိုင်သဖြင့် မွန်ပြည်နယ်အတွင်းနှင့် အနီးတစ်ဝိုက်ရှိ ဘုရားဖူးဧည့်သည်များသာ လာရောက်နိုင်မည်ဖြစ်ကြောင် ဒေသခံကဆက်ပြောသည်။
“ ရွာကဒါယိကာတွေက ၁ ရက်နေ့က ၃ ရက်နေ့အထိ အကျွေးအမွေးလုပ်ဖို့ရှိတယ်။ အရင်အတိုင်းပဲ ဘုရားလာဖူးတဲ့ လှေနဲ့အကြိုအပို့အကုန် လုပ်ပေးတာတွေရှိမယ်။ ပျော်ပွဲရွှင်ပွဲတော့မထည့်ဘူး။ အကျဉ်းချုံးနဲ့လုပ်သွားမယ်ပေါ့။ လာတဲ့ သူတွေလူငယ်လူရွယ်တွေကျတော့ ပင်လယ်ပြင်မှာ သူတို့အစီအစဉ်နဲ့ သူတို့ရှိကြမယ် ” ဟု ပြောသည်။
ပင်လယ်ရေကျချိန်တွင် ဘုရားလမ်းတစ်လျှောက်ရှိ ကျောက်ခင်းလမ်း ဒေသအခေါ် (နတ်လမ်း) ကြောင့် မွန်ပြည်နယ်အတွင်းသာမက အနယ်နယ်အရပ်အရပ်အထိပါ လူသိများခဲ့ပြီး ဘုရားပွဲရက်တွင် ဘုရားဖူးသောင်းနှင့်ချီ လာရောက်ဖူးမျှော်လေ့ရှိသည်။
မွန်ပြည်နယ်အတွင်း အထင်ကရပွဲတော်နှင့် ဘုရားပွဲများကျင်းပလိုပါက စစ်ကော်မရှင်အဖွဲ့မှ လုံခြုံရေးရယူပေးကြောင်း သိရပြီး ၎င်းလုံခြုံရေးအဖွဲ့များကြောင့် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့မျာနှင့် ပစ်ခတ်မှုဖြစ်မည်ကို ဒေသခံများစိုးရိမ်နေရသည်။


