ထိုင်း- မြန်မာ၊ မြဝတီနယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးလာသူ နိုင်ငံခြားသားထောင်နှင့်ချီတို့ ထိုင်းနိုင်ငံဘက် ရောက်ရှိနေသူများရှိသလို လက်နက်ကိုင်အဖွဲ့များ၏ ယာဉ်များဖြင့် ဘေးကင်းလုံခြုံသည့်နေရာများတွင် ရောက်ရှိသူများလည်းရှိနေသည်ဟု နယ်စပ်သတင်းအရင်းမြစ်များမှ သိရသည်။
အမှန်တကယ်ပင် ပြီးခဲ့သောရက်ပိုင်းက မြဝတီ ကျားဖြန့်လုပ်ငန်းမှ ထောင်နှင့်ချီသည့် နိုင်ငံခြားသားများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မေးခွန်ထုတ်စရာဖြစ်လာသည်။
စစ်ကော်မရှင်မှ ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ ကျားဖြန့်လုပ်ငန်းဖြင့် နာမည်ဆိုးနေသည့် KK Park ဝန်းကို ဝင်ရောက်စီးနင်းခဲ့ရာ အလုပ်သမား ၂၁၉၈ ဦးကိုဖမ်းဆီးခဲ့မိကြောင်း အောက်တိုဘာ ၁၉ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ထို့နောက် ထပ်မံဖမ်းဆီးမည့်သတင်းကြောင့် ကျားဖြန့်လုပ်သားများ လူစုခွဲ၍ ပြောင်းရွှေ့သွားကြပြီး သောင်းရင်းမြစ်မှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ ရောက်ရှိသွားသူများရှိသလို မြန်မာပြည်တွင်းဘက်သို့ ပြန်လည်ဝင်ရောက်သွားသူများလည်းရှိနေသည်ဟု မြေပြင်အခြေအနေ သိရှိသူများကပြောသည်။
ကျားဖြန့်ငွေလိမ်ဂိုဏ်လုပ်ငန်းသည် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းမိသည့်နေရာတွင် အထိုင်ချလုပ်ကိုင်ရသည့် အလုပ်ဖြစ်ပြီး၊ အစိုးရမှအသံဖမ်းထားနိုင်ခြင်းမရှိသည့် နယ်စပ်နေရာဖြစ်ရန် လိုအပ်သောကြောင့် နယ်စပ်ဒေသကိုသာပြောင်းရွှေ့သွားနိုင်ကြောင်း ကျားဖြန့်လုပ်ငန်း အကြောင်းစုံစမ်းနေသူတစ်ဦးက ပြောသည်။

“မြို့အတွင်းရောက်မှာမဟုတ်ဘူး၊ သူတို့အလုပ်တွေကကျားဖြန့်တွေကအထိုင်မရဘဲနဲ့ အိမ်ခန်းဌားရုံနဲ့ လုံးဝမရဘူး အင်တာနက်လိုင်းရှိတဲ့နေရာ၊ ဖုန်းလိုင်ရှိတဲ့နေရာဖြစ်ရမယ် အသံဖမ်းလို့ မရတဲ့ဟာဖြစ်ရမယ်ဆိုတော့ နယ်စပ်မှာပဲရမယ်၊ မြို့ထဲ၊ ရွာတွေထဲမှာလည်းမရဘူးနယ်စပ်ပဲ ပြန်ရောက်နေပါတယ်” ဟု ပြောသည်။
သို့သော် ကျားဖြန့်လုပ်ငန်းနှင့် ပါဝင်ပတ်သတ်မှုရှိနေသည့် ကရင်နယ်ခြားစောင့်တပ် BGF/KNA မှ ကျားဖြန့်ခေါင်းဆောင်များကို မြဝတီနယ်စပ်မှတစ်ဆင့် ဘုရားသုံးဆူ၊ မော်လမြိုင်နှင့် ဘားအံအပြင် ၎င်းတို့ထိန်းချုပ်မှုအောက်ရှိသည့် ဒေသဘက်သို့လည်း ပြောင်းရွှေ့ပေးနေကြောင်း သတင်းထွက်ပေါ်နေသည်။
ယခုရက်ပိုင်းအတွင်း မော်လမြိုင်မြို့ ဟိုတယ်များတွင် တရုတ်နိုင်ငံသားများ အဝင်အထွက်များလာသည်ကို သတိပြုမိပြီး မြေကွက် ခြံကွက်များလည်း လိုက်လံဝယ်ယူနေသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
“ မြေကွက်ဝယ်ထားတယ်၊ ဟိုတယ်တွေကို ဝယ်ပြီးထားထားတယ်။ မော်လမြိုင်မှာဆိုရင် ရာမညဟိုတယ်နေရာအခု သံလွင်ဟိုတယ်ဖြစ်သွားတာ။ အဲ့မှာ တရုတ်တွေဝင်ထွက်နေတယ်၊ ခရီးသွားတွေတည်းတာတော့နည်းတယ်။ သိသာတာက ဖက်ခင်းဟိုတယ်တွေဘက်မှာ” ဟုပြောသည်။
အလားတူ ဘုရားသုံးဆူနယ်စပ်မြို့နှင့် ၁၅ ကီလိုမီတာခန့်ဝေးကွာသည့် ကျေးရွာဘက်တွင် နိုင်ငံခြားများထပ်မံရောက်ရှိနေပြီး ဒေသတွင်းလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် DKBA အကူအညီဖြင့် မြေကွက်များကို လိုက်လံစုံစမ်းဝယ်ယူနေသည်ဟု ဘုရားသုံးဆူ မြို့ခံတစ်ဦးကပြောသည်။
“ ဒေသခံတွေတော့သတိမထားမိဘူး၊ ဘုရားသုံးဆူမှ တရုတ်တွေ ရာနီးပါးရောက်လာနေတယ် ကာစီနိုဘက်မှာပဲနေနေတယ်၊ သူတို့ ဝန်ဆောင်မှုပေးနေတဲ့ သူတွေရှိတယ်၊ ဒီတလောဆို တရုတ်ကိုယ်စားလှယ်က မြေကွက်ရှာနေတယ်။ ဂေါက်ကွင်းဘက်က ရော်ဘာခြံတွေမှာရောပဲ DKBA နေရာမှာပဲနေတယ်။ သူတို့တွေကပဲ ခေါ်လာတယ် ” ဟု ပြောသည်။
ညပိုင်းတွင် အဆိုပါနိုင်ငံခြားသားများ ရောက်ရှိလာပြီး မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသည့် ကိုးကန့်တရုတ်များ များပြားကြောင်းလည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့နှင့် နီးစပ်သည့်သတင်းအရင်းမြစ်များမှ သိရသည်။
ထို့ကြောင့် စစ်ကော်မရှင်၏ ကျားဖြန့်နှိမ်နင်းရေးသည် ဟန်ပြသာဖြစ်ပြီး ကျားဖြန့်လုပ်ငန်းများ အခက်အခဲမရှိ ဆက်လက်လည်ပတ်နေကြောင်းလည်း ဆိုသည်။
"တရုတ်တော်တော်များများက အခြားဆိုဒ်ကိုရောက်သွားပြီး။ ထိုင်းနိုင်ငံဘက်ကို ဝင်သွားတာတော့ နည်းတယ်။ ပြောချင်တာက တရုတ်တွေက ပြည်တွင်းမှာပဲကျားဖြန့်လုပ်ငန်းတွေလုပ်ဖို့ သူတို့အချင်းချင်း လက်ဝါးရိုက်ပြီးတော့ ပျောက်သွားတာ။ အခြားနိုင်ငံခြားသားတွေကတော့ ထိုင်းဘက်ကိုရောက်ကုန်ပြီး"ဟု နယ်စပ်နေဒေသခံတစ်ဦးက ဆိုသည်။
ပုံမှန်အားဖြင့် ဘုရားသုံးဆူမြို့ပြင်ရှိ ကျုံကွီး၊ ကျော့ပလု၊ ချောင်းဆုံကျေးရွာနှင့် သဘာဝ ရေကူးကန်အနီး၊ ဘုရားတောင်အနီးရှိ ထီးလောင်ယှူးရေတံခွန်ဘက်တွင် တရုတ်နိုင်ငံသားများ အခြေခြနေထိုင်နေခြင်းဖြစ်ပြီး လက်ရှိမြဝတီမှ ပြောင်းရွှေ့လာသည့် နိုင်ငံခြားသားများနှင့် ပူးပေါင်း၍ ကျားဖြန့်လုပ်ငန်းများ ပိုမိုကြီးထွားလာနိုင်ကြောင်းလည်း သုံးသပ်ထားသည်။
မြဝတီမှ ကျားဖြန့်လုပ်ငန်းခေါင်းဆောင်များ လုံခြုံရေးအပြည့်ဖြင့် နေထိုင်နိုင်သော်လည်း သာမန်ကျားဖြန့်လုပ်သားများ ပည်တွင်းဘက်ထွက်ပြေးစဉ် မြို့အဝင်အထွက်လမ်းပိုင်းနေရာတွင် အဆင့်ဆင့်စောင့်ဆိုင်းနေသည့် စစ်ကော်မရှင်အဖွဲ့နှင့် ဖမ်းဆီးခံနေရပြီး စစ်မှုထမ်းသို့ပို့ဆောင်ခံနေရသူများလည်းရှိသည်။
စစ်ကော်မရှင် လူဝင်မှုကြီးကြပ်ရေးမှ အချက်အလက်အရ ယခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၁၀၆၄၀ ဦးကို ထိန်းသိမ်းကာ ၁၀၂၈၇ ဦးကို စစ်ဆေးခဲ့ပြီး ၎င်းတို့အနက် ၉၃၆၅ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းခဲ့ကြောင်းလည်း ထုတ်ပြန်သည်။
နယ်စပ်ရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းခြင်း၊ ပြည်တွင်းရှိ နိုင်ငံခြားသားများကို နေရပ်ပို့ဆောင်ခြင်းများ စစ်ကော်မရှင်အပါအဝင် ဒေသလက်နက်ကိုင်အဖွဲ့များ နှိမ်နင်းလုပ်ဆောင်နေသော်လည်း ထိုင်း-မြန်မာ နယ်စပ်ရှိ ကျန်ကျားဖြန့်လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်နေဆဲဖြစ်သည်။


