ရွေးကောက်ပွဲကာလအတွင်း စစ်ကော်မရှင်စစ်ကြောင်းနှင့် ဒေသအခြေစိုက် တော်လှန်ရေးအင်အားစုတို့အကြား တိုက်ပွဲ ပိုပြင်းထန်လာနိုင်သည်ဟု တော်လှန်ရေးအဖွဲ့တို့က ပြောသည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲ အပိုင်း ၁ ကို လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တို့၌ ကျင်းပပြုလုပ်သွားမည်ဟု ထုတ်ပြန်ထားသည်။
ယင်းနောက် ရွေးကောက်ပွဲ ဒုတိယပိုင်းကို မြို့နယ်ပေါင်း ၁၀၀ မြို့နယ်နှင့် တတိယပိုင်းကို ကျန်သည့်မြို့နယ်များတွင် ဆက်လက်ကျင်းပသွားမည်ဟုလည်း စစ်ခေါင်းဆောင်က ကြေညာထားသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက် နီးလာချိန်တွင် စစ်ကော်မရှင်က မွန်နှင့် ကရင်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးအတိုင်အတာဖြင့် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့ရွာ၊ ဆက်သွယ်ရေးလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသည်။
တော်လှန်ရေးအင်အားစုများ အပြည့်အဝထိန်းချုပ်ထားသည့် နယ်မြေဒေသများကို ရွေးကောက်ပွဲ လာရောက်ကျင်းပလျှင် တိုက်ပွဲ ပိုဖြစ်ပွားလာနိုင်သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ အုပ်ချုပ်ရေးမှူး ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောသည်။

“သူတို့(စစ်ကော်မရှင်) စစ်ကြောင်းတွေ မဝင်ရောက်လာနိုင်ဖို့အတွက် ကျနော်တို့ တိုက်ပွဲဖော်ဆောင်သွားမှာပါ။ အခုက တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေကို တဖန် သူတို့ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းလာနေတယ်။ အဲဒါကြောင့်လည်း အခုက စစ်အင်အားအလုံးအရင်းသုံးပြီး စစ်ကြောင်းတွေ ထိုးဝင်လာနေတာ ဖြစ်တယ်။ ကျနော်တို့မွန်ဒေသမှာမှ မဟုတ်ဘူး။ တခြားသော တိုင်းရင်းသား နယ်မြေတွေမှာလည်း စစ်ကြောင်းတွေ ဒီလိုပဲဝင်နေတာ ရှိတယ်။ အဲဒါကြောင့် ဒီရွေးကောက်ပွဲကာလအတွင်းမှာ တိုက်ပွဲတော့ ပိုပြင်းထန်လာနိုင်တယ်” ဟု နိုင်မွန်စိုင်းက ပြောသည်။
ပြည်သူလူထုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ကော်မရှင်က ပြစ်ဒဏ်မှ လွတ်မြောက်ရန် ရွေးကောက်ပွဲက ၎င်းတို့အတွက် အရေးကြီးကြောင်း၊ ပြည်သူလူထုများ မဲပေးနိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆိုသည့်အကြောင်းပြချက်ဖြင့် တော်လှန်ရေးထိန်းချုပ်နယ်မြေများကို ထိုးစစ်ဆင်လာမှုများ ပိုမိုလုပ်ဆောင်လာမည်ဟု စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
“ဒီရွေးကောက်ပွဲကျင်းပနိုင်ဖို့က စစ်ကော်မရှင်ဘက်က အစီအစဉ်တကျ ရေးဆွဲထားပြီးတဲ့သဘောရှိတယ်။ ရွေးကောက်ပွဲက သူတို့အတွက် အရမ်းကိုမှ အရေးကြီးပါတယ်။ သူတို့အာဏာသိမ်းထားတဲ့ ၅ နှစ်တာကာလအတွင်း ကျူးလွန်ထားတဲ့ ပြစ်မှုအားလုံးက ဒီရွေးကောက်ပွဲလုပ်ပြီးရင်တော့ ကြေသွားမှာပေါ့လေ။ အဲဒါကြောင့် ဒီပွဲ ပြီးဆုံးသွားဖို့က ပြည်သူတွေ မဲထည့်နိုင်ရေးအတွက် အင်အားသုံးပြီး သူတို့လုပ်မှာ ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိ တော်လှန်အင်အားစုများ ထိန်းချုပ်ထားသည့် နယ်မြေဒေသများတွင် အတုအယောင်ရွေးကောက်ပွဲ မကျင်းပနိုင်ရေးအတွက် ပြည်သူလူထုများအနေဖြင့် ကန့်ကွက်ရမှာဖြစ်သလို တော်လှန်ရေး အင်အားစုများကလည်း တားဆီးသွားမည်ဟု မြန်မာပြည်တောင်ပိုင်းတိုင်းဒေသက တော်လှန်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ရွေးကောက်ပွဲဆိုတဲ့ဟာကတော့ ဒီမိုကရေစီရဲ့ လမ်းစဉ်အတိုင်း မဖြစ်မနေလုပ်ရမဲ့ဟာဖြစ်ပေမဲ့ စစ်ကော်မရှင်လုပ်တဲ့ရွေးကောက်ပွဲက အတုအယောင်ရွေးကောက်ပွဲ၊ ပြည်သူလူထုတွေရော၊ နိုင်ငံတကာတွေကိုပါ လိမ်ညာတဲ့ရွေးကောက်ပွဲ ဖြစ်နေတယ်။ အဲတော့ ပြည်သူတွေအနေနဲ့ ကန့်ကွက်ဆန္ဒဖော်ထုတ်ရမှာ ဖြစ်သလို ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်ကနေလည်း တားဆီးသွားမှာပါ” ဟု (PDF) အထူးတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)စစ်ဆင်ရေးတာဝန်ခံ စောဒါးကိုက ပြောသည်။
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် ပါဝင်သူ၊ အဖွဲ့အစည်းများကို အကြမ်းဖက်နည်းဖြင့် အရေးယူသွားမည် မဟုတ်သော်လည်း စစ်ကော်မရှင်အဖွဲ့နှင့်အတူ ခရီးသွားလာနေထိုင်ခြင်း မပြုလုပ်ကြရန်၊ စစ်ကော်မရှင်ယာဉ်တန်းများ လိုက်ပါမသွားလာကြရန် သတိပေးထားပြီး သတိပေးမှုကို မလိုက်နာဘဲ ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများကို တာဝန်ယူဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း တော်လှန်ရေးအဖွဲ့တို့က သတိပေးထားသည်။


