စစ်ကော်မရှင်မှ ဦးဆောင်ကျင်းပသော အတုအယောင်ရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏မဲဆွယ်စည်းရုံးရေး ပထမနေ့တွင် မော်လမြိုင်မြို့ပေါ်၌ ဘုန်းကြီးကျောင်းနှင့် ပါတီရုံးများအတွင်း ဟောပြောပွဲများ စတင်လုပ်ဆောင်နေကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။
နိုင်ငံရေးပါတီများ၏ ရက်ပေါင်း ၆၀ ကြာ တရားဝင်မဲဆွယ်စည်းရုံးရေးနေ့ကို ယနေ့ အောက်တိုဘာ ၂၈ ရက်နေ့မှ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ပြုလုပ်နိုင်သည်ဟု စစ်ကော်မရှင်ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားကြောင်း သိရသည်။
မဲဆွယ်စည်းရုံးရေးနေ့မတိုင်ခင် ရက်ပိုင်းကပင် စစ်ကော်မရှင်က ဒေသတွင်း လုံခြုံရေးတိုးမြင့်ပေးထားသော်လည်း မြို့ပေါ်ရှိနိုင်ငံရေးပါတီတို့က ယနေ့မဲစွယ်စည်းရုံးရေးပထမနေ့တွင် ဘုန်းကြီးကျောင်းနှင့် ပါတီရုံးများအတွင်း လူအနည်းအကျဉ်းစု၍သာ ဟောပြောပွဲလုပ်ဆောင်နိုင်ခဲ့ကြောင်း မော်လမြို့ခံတစ်ဦးက ဆိုသည်။

“ဒီမြို့ပေါ်ရပ်ကွက်မှာ လူအနည်းအကျဉ်းစုပြီးတော့ ရုံးမှာ ဒါမှမဟုတ်ဘုန်းကြီးကျောင်းမှာ ဟောပြောပွဲတွေလုပ်တယ်။ အဓိကမွန်တွေလုပ်နေတာက ဘုန်းကြီးကျောင်းမှာပဲများတယ်။ ရုံးမှာလုပ်တယ်ဆိုရင် သူတို့ပါတီဖွင့်ထားတဲ့ ရုံးမှာပေါ့။PPP ပါတီတွေက သူတို့ရဲ့ပါတီရုံးမှာလုပ်တယ်” ဟု မော်လမြိုင်ဒေသခံတစ်ဦးက ဆိုသည်။
မဲဆွယ်စည်းရုံးရေးကို စီတန်းလှည့်လည်ပြီး လုပ်ဆောင်ခွင့်မပြုကြောင်း UEC မှကန့်သတ်ထားခြင်း၊ ပါတီကိုယ်စားလှယ်များ ၎င်းတို့၏ လုံခြုံရေးအခြေနေကြောင့် မဲဆွယ်စည်းရုံးခြင်းကို ပေါ်ပေါ်တင်တင်လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်းလည်း မြို့ခံများက သုံးသပ်လျှက်ရှိသည်။
မြေပြင်တွင် မဲဆွယ်စည်းရုံးရေး မစတင်သေးသော်လည်း နိုင်ငံရေးပါတီအချို့ ဆိုရှယ်မီဒီယာမှတစ်ဆင့် ပါတီမိတ်ဆက်ခြင်းနှင့် ကိုယ်စားလှယ်လောင်းများ မိမိကိုယ်ကို မိတ်ဆက်ခြင်းများ ပြုလုပ်နေကြသည်ကို တွေ့ရသည်။
ပြည်ခိုင်ဖြိုးပါတီအင်အားကောင်းသည့် ချောင်းဆုံမြို့နယ်တွင်လည်း ယနေ့တွင် ရွေးကောက်ပွဲမဲဆွယ်ရေးလုပ်ငန်းစဉ်နှင့်ပတ်သတ်၍ ထူးထူးခြားခြားလှုပ်ရှားဆောင်ရွက်ခြင်း မတွေ့သေးကြောင်း ချောင်းဆုံဒေသခံတစ်ဦးက ဆိုသည်။
“ချောင်းဆုံမှာက ဘာမှမထူးခြားဘူး။ ဟောပြောပွဲတွေလည်းမတွေ့သေးဘူး။ ပြည်သူတွေကလည်း စိတ်မဝင်စားဘူးလေ။”ဟု ဆိုသည်။
UEC ၏ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် စစ်ကော်မရှင် ရွေးကောက်ပွဲအတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၉ ခုရှိပြီးကိုယ်စားလှယ်လောင်း ၂၅၀ ကျော်ခန့်ရှိသည်ဟု ဖော်ပြထားသည်။
မဲဆန္ဒနယ်မြေ (၄၅)နေရာရှိသည့် မွန်ပြည်နယ်အတွင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့၊ အာရှလမ်းမကြီးဘေးရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ရွေးကောက်ပဝဲအတွက် ကြံ့ခိုင်ရေးပါတီဝင်ဦးရေအင်အား ၁၅၀ ကျော်ဖြင့် မဲဆွယ်စည်းရုံးရေး ပြုလုပ်နေသည့်မြင်ကွင်းပုံရိပ်များကိုလည်း လူမှုကွန်ရက်ပေါ်တွင် တွေ့မြင်လာရသည်။


