မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ဘွီးကျေးရွာအုပ်စုနှင့် အနီးတစ်ဝိုက်ရှိရွာများကို စစ်ကော်မရှင်တပ်ဖွဲ့များ အင်အားတိုးချဲ့ပြီး လုံခြုံရေးတိုးမြှင့်ထားကြောင်း ကျိုက်မရော ဒေသခံများထံမှ သိရသည်။
ဒေသခံများအဆိုအရ အောက်တိုဘာ ၂၆ ရက်နေ့ နံနက် ၇ နာရီမှစ၍ မော်လမြိုင်မြို့အခြေစိုက် စစ်ကော်မရှင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ စစ်အင်အား ၂၀၀ ကျော်ပါဝင်သော ယာဉ်တန်းများ ကျိုက်မရောမြို့နယ်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။
အဆိုပါ စစ်ကော်မရှင် တပ်သားအဖွဲ့များသည် ကျိုက်မရောမြို့နယ် အတ္တရံမြစ်အနီးရှိ ကျုံဝမ်း၊ ကျိုက်ပရံအပါအဝင် ကော့ဘွီးကျေးရွာအုပ်စုရှိရွာများအတွင်းသို့ နေရာယူတပ်စွဲထားပြီး လုံခြုံရေးတင်းကြပ်ကာ နေအိမ်များအထိ ဝင်ရောက်စစ်ဆေးမှုလုပ်ဆောင်နေကြောင်းလည်း သိရသည်။

“စစ်တပ်က ကျွန်းကုန်းရွာမှာ အရင်ဆင်းတယ်။ ပြီးရင် အလှပ်ကုန်းရွာဘက်ကို ရောက်လာပြီး တပ်စွဲတယ်၊ နေအိမ်တွေကိုလည်း လိုက်စစ်နေတယ်။ ရွာသူရွာသားတွေကို ညပိုင်းအပြင်ထွက်ခွင့်ပိတ်လိုက်တယ်။ အဲဒါကို ခြံသမားလေးဦးက မသိဘဲ ညနေပိုင်းမိုးချုပ်မှ ပြန်လာတယ်။ ဒါကြောင့် စစ်တပ်က ခြံသမားတွေကို ဖမ်းပြီး ရိုက်နှက်တယ်။” ဟု ကော့ဘွီးကျေးရွာအုပ်စု ဒေသခံတစ်ဦးက ဆိုသည်။
အောက်တိုဘာ ၂၇ ရက်နေ့ညနေပိုင်းကလည်း အလှပ်ကုန်းကျေးရွာမှ ခြံသမား ၄ ဦးကို အချိန်မတော်သွားလာသည်ဟုဆိုကာ ဖမ်းဆီးရိုက်နှက်ပြီးနောက် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
စစ်ကော်မရှင်တပ်အနေဖြင့် ကျုံးဝမ်းနှင့် ကျိုက်ပရံကျေးရွာရှိ မဲရုံများအား လုံခြုံရေးပေးရန်နှင့် ရွေးကောက်ပွဲလုပ်ငန်းကို ပြုလုပ်နိုင်ရန် နယ်မြေရှင်းလင်းမှုအနေဖြင့် လှုပ်ရှားနေကြောင်း စစ်ကော်မရှင်တပ်နှင့် နီးစပ်သူတစ်ဦးက သုံးသပ်သည်။
ကျိုက်မရောဒေသတွင် ဝင်ရောက်အင်အားဖြည့်ပြီးနောက် တပ်မဆုတ်နိုင်သေးသည့် စစ်ကော်မရှင်တပ်များသည် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် ရာမညမွန်တပ်တော်(RMA)နှင့် တော်လှန်ရေးပူးပေါင်းတပ်များကြား စစ်ရေးအခြေအနေတင်းမာလာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
“အစက မွန်တော်လှန်ရေးတပ်တွေကလဲ အလှပ်ကုန်းရွာမှာ ရှိနေတယ်။ စစ်တပ်က အင်အားများအပြားနဲ့ စစ်ကြောင်း ထိုးလာတော့ အနီးအနားရွာဆီကို ရှောင်သွားတာ ဖြစ်မယ်။ ဒါပေမယ့်လည်း ဒေသခံတွေက စိုရိမ်းနေရတယ်။ စစ်တပ်က ပေါ်တာဆွဲတာ၊ ဖမ်းဆီးရိုက်နှက်တာတွေကိုလည်း ကြောက်နေရတယ် ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
အဆိုပါစစ်ကော်မရှင်အဖွဲ့တို့သည် ကွမ်ငန်း၊ ကော့ဒွန်းနှင့် ကော့ပနောကျေးရွာလမ်းပိုင်းတစ်လျှောက်သို့ နယ်မြေရှင်လင်းရေး ဆက်လက်လုပ်ဆောင်ရန် စီစဉ်နေကြောင်းလည်း သိရသည်။


