spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းပထမအကြိမ်မဲစာရင်းကြေညာချက်တွင် ကျေးရွာအလိုက် အချက်အလက်မှားယွင်းမှု ထက်ဝက်ကျော်ဖြစ်နေ

    ပထမအကြိမ်မဲစာရင်းကြေညာချက်တွင် ကျေးရွာအလိုက် အချက်အလက်မှားယွင်းမှု ထက်ဝက်ကျော်ဖြစ်နေ

    -

    မွန်ပြည်နယ်၊ အုပ်ချုပ်ရေးမှုးရုံးများအတွင်း ကြေညာထားသည့် ပထမအကြိမ်မဲစာရင်းကြေညာချက်များတွင် ကျေးရွာအလိုက် အချက်အလက်မှားယွင်းမှု ထက်ဝက်ကျော် ဖြစ်နေကြောင်း သွားရောက်ကြည့်ရှုသူနှင့် ရွေးကောက်ပွဲ သိကျွမ်းနားလည်သူများက ပြောသည်။

    ပေါင်မြို့နယ်မဲစာရင်းများတွင်  ၅၀ နှင့်အထက်အသက်အရွယ်ရှိသူများ မဲစာရင်းတွင် မပါဝင်ခြင်း၊ ကွယ်လွန်ပြီးသူ၏ အမည်စာရင်းများပါဝင်နေခြင်း စသည့်အချက်အလက်များ  ရာနှင့်ချီ မှားယွင်းမှုရှိနေကြောင်း  ပေါင်မြို့ခံတစ်ဦးက ပြောသည်။

    ပုံ-MOI

    “ဒုတိယအကြိမ် ပြန်ပြင်အုံးမယ်တဲ့၊ ဒုတိယအကြိမ် ထပ်မှားနေရင် မဲမသမာမှုဖြစ်တော့မယ်၊ ရွာအလိုက်မှားတယ် ၄၀၀၊ ၆၀၀ အထိမှားတယ်၊ အသက် ၅၅ အထက်တွေ မဲစာရင်းမှာ မပါဘူး၊ အချို့က မဲစာရင်းမှာ ပါသွားတယ်၊ မဲစာရင်းမကြေညာခင် သုံးလေးလမှာပဲ သေသွားတာလည်းရှိတယ်”ဟု ပြောသည်။

    မဲစာရင်းကွဲလွဲချက်များကို သက်ဆိုင်ရာပါတီကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက လိုက်လံနှိုးဆော်လျှက်ရှိပြီး၊ ပုံစံ ၃၊ ပုံစံ ၁၅ တို့ဖြင့် ပြန်ပြင်ဆင်လျှောက်ထားနိုင်ရန်အတွက် ဆောင်ရွက်ပေးနေကြောင်းလည်း ဆိုသည်။

    လက်ရှိ မဲစာရင်းမှားယွင်းမှုသည် ၂၀၂၀ ရွေးကောက်ပွဲထက်ပိုများနေကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်ကပင် သေဆုံးခဲ့သူများ၏ အမည်စာရင်းပါဝင်နေကြောင်း၊ အသုံးမပြုဘဲ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ဖျက်စီးထားသည့် နိုင်ငံသားစိစစ်ကဒ်ပြားများ၏ အမည်များ မဲစာရင်းတွင် ပြန်လည်ပါဝင်နေကြောင်း သိရသည်။

    မဲစာရင်းမှားယွင်းမှုသည် ပြန်လည်ပြင်ဆင်ခွင့်ရှိသောကြောင့် ပြဿနာမရှိသော်လည်း မြို့နယ်တိုင်းတွင် မဲစာရင်းလာရောက်ကြည့်ရှုသူ မရှိသလောက်နည်းပါးနေသည့်အတွက် လာရောက်ပြင်ဆင်သူလည်းမရှိကြောင်း ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

    “ အခုကအယောက် ၁၀၀ မှာ ၄၅ လောက်မှားတယ်၊လွန်ခဲ့တဲ့ငါးနှစ်ကသေတဲ့ သူတွေလည်းထပ်မံပါနေတော့ ထွေအုပ်က လဝကကို အပြစ်တင်နေတယ်။ ကာယကံရှင်က ဥပဒေနဲ့အညီ တင်ပြတာတွေမရှိလျှင် သူတို့အနေနဲ့ ဆောင်ရွက်ဖို့အခက်တွေ့တယ်၊ ဒါမဲ့ ပြင်ဆင်လိုတဲ့သူရှိရင် ရပ်ရွာနိုင်ငံရေးပါတီတွေက မဲဆွယ်တဲ့အနေနဲ့ အကျိုးဆောင်လုပ်ပေးနေပါတယ် ဝန်ထမ်းအချို့ကလွဲလျှင် ဘယ်သူမှသွားမကြည့်ဘူး ” ဟု ပြောသည်။

    သက်ဆိုင်ရာဌာနအကြီးအကဲများမှ ဖိအားပေးမှုကြောင့် အစိုးရဝန်ထမ်းနှင့် အုပ်ချုပ်ရေးမှုးအဖွဲ့များသာ စာရင်းသွားကြည့်ကြကြောင်း၊ သာမန်ပြည်သူများ မဲစာရင်းသွားကြည့်သူမရှိသလောက် နည်းပါးနေကြောင်း တရနာကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။

    အထွေထွေရွေးကောက်ပွဲအတွင်း မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို စက်တင်ဘာ ၃၀ ရက်မှအောက်တိုဘာ ၂၀ ရက်နေ့အထိ ကြေညာရက်တိုးမြှင့်ပေးထားပြီး ပြင်ဆင်၊ဖြည့်စွက်၊ ပယ်ဖျက်မှုများ ပြီးစီးပါက နိုဝင်ဘာလ ဒုတိယအပတ်တွင် ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဆိုသည်။

    ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော်ရှိသည့်အနက် မဲပေးသူ ၂၂ သန်းကျော်ရှိကြောင်း၊ ၂၀၁၅ အထွေအထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၄၃ သန်းကျော်ရှိကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော်ရှိကြောင်း သိရသည်။

    သို့သော် စစ်အုပ်စု၏ ၂၀၂၅ အထွေအထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ မည်မျှရှိကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းမရှိပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks