spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလိုင်စင်မဲ့ယာဉ်စီးနင်းမှုကြောင့်ဖမ်းဆီးခံရပြီး အရေးယူခံထားရသူများ ငွေကုန်ကြေးကျများနေ

    လိုင်စင်မဲ့ယာဉ်စီးနင်းမှုကြောင့်ဖမ်းဆီးခံရပြီး အရေးယူခံထားရသူများ ငွေကုန်ကြေးကျများနေ

    -

    မွန်ပြည်နယ်တွင် လိုင်စင်မဲ့ယာဉ်စီးနင်းမှုကြောင့် ဖမ်းဆီးခံရပြီး အရေးယူခံနေရသူများ စစ်ကော်မရှင်ရဲစခန်းထံ မကြာခဏငွညှစ်တောင်းခံနေရကြောင်း ဖမ်းဆီးခံရသူ၏ နီးစပ်သူများမှ သိရသည်။

    စစ်ကော်မရှင် ယာဉ်ထိန်းရဲနှင့်တပ်သားတို့သည် မွန်နှင့်ကရင်ပြည်နယ်အတွင်းရှိ လိုင်စင်မဲ့ယာဉ်များကို ပြီးခဲ့သည့် ဇူလိုင်လမှစတင်၍ ယနေ့အထိ ဖမ်းစီးစစ်ဆေးမှုလုပ်ဆောင်နေပြီး ဖမ်းဆီးအရေးယူခံထားရသူ ထောင်နှင့်ချီရှိကြောင်း သိရသည်။

    စတင်ဖမ်းဆီးခံရစဉ်က ငွေကြေးပေးဆောင်ပြီး အမှုမှလွတ်မြောက်သူများရှိသလို ငွေကြေးမပေးဆောင်နိုင်ခြင်းကြောင့် ယာဉ်နှင့် ယာဉ်မောင်းပါ ဖမ်းဆီးခံရသူများလည်းရှိသည်။

    အရေးယူခံထားရသူများအပါအဝင် စစ်ကော်မရှင်ယာဉ်ထိန်းရဲနှင့် လုံခြုံရေးတပ်သားများထံ နေရပ်လိပ်စာနှင့် ဖုန်းနံပါတ်အချက်အလက် ပေးဆောင်ထားရသူများသည် သက်ဆိုင်ရာရဲစခန်းမှ မကြာခဏဆင့်ခေါ်ပြီး အကြောင်းမဲ့ ငွေညှစ်တောင်းခံနေကြောင်း လိုင်စင်မဲ့ယာဉ်ကြောင့် အရေးယူခံထားရသူနှင့် နီးစပ်သူက ပြောသည်။

    “ သူတို့စခန်းမှာ အမှုဖြေရှင်းဖို့ခေါ်တယ်။ တစ်ခါတည်းအပြတ် သူတို့မရှင်းပေးဘူး။ အဖမ်းခံရကတည်းက နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်ကို ယူထားတယ်။ မကြာမကြာ သူတို့ရုံးချိန်းခေါ်တယ်။ တကယ်တော့ ရုံးချိန်းခေါ်တာလည်းမဟုတ်ဘူး။ ပိုက်ဆံခေါ်ရစ်တာ။ပိုက်ဆံမပေးရင် ထောင်ကျနိုင်တယ် အဲ့လိုပြောပြီးတော့ ငွေရစ်တယ်။” ဟု ဆိုသည်။

    ရဲစခန်းတွင် ငွေကြေးသောင်းဂဏန်းခန့် ပေးဆောင်ပြီးနောက် ရက်ပိုင်းအကြာတွင် ပြန်လည်ဆက်သွယ်ခေါ်ယူနေကြောင်းလည်း ပြောသည်။

    ပြီးခဲ့သည့်  အောက်တိုဘာလဆန်းပိုင်း ကျိုက်ခမီရေလယ်ဘုရားပွဲတွင် လိုင်စင်မဲ့ယာဉ်စီးနှင်မှုကြောင့် ဖမ်းခံလိုက်ရသည့် မုဒုံမှလူငယ်သုံးဦးတို့ မုဒုံရဲစခန်းတွင် သိန်း ၉၀ ပေးသွင်းပြီးနောက် ပြန်လွတ်မြောက်လာခဲ့ကြောင်း ကာယကံရှင်နှင့်နီးစပ်သူထံမှတစ်ဆင့်သိရသည်။

    “ စစဖမ်းမိတုန်းက ဆိုင်ကယ်ပြန်လိုချင်ရင် သိန်း ၃၀ သွင်းရမယ်ပြောတော့ မိဘတွေက ငွေသွားပို့ပေးတယ်။ အဲ့တာလည်းဆိုင်ကယ်က မရလာဘူး။ နောက်ထပ် ဆိုင်ကယ်ရော၊ လူရောလွတ်ချင်ရင် သိန်း၆၀ သွင်းရမယ်လို့ ရက်ချိန်းပေးလာတယ်။ မိဘတွေက ငွေထပ်သွင်းတယ်။ သိန်း ၉၀ ကုန်သွားမှ လူရော၊ဆိုင်ကယ်ရော လွတ်လာတယ်။” ဟု ဆိုသည်။

    ငွေကြေးမပေးဆောင်နိုင်သူများ လပိုင်းအထိ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အချို့ကို စစ်မှုထမ်းသင်တန်းသို့ ပို့ဆောင်နေကြောင်းလည်း ပြန်လည်လွတ်မြောက်လာသူများ၏ ပြောပြချက်အရ သိရသည်။

    စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ စတင်အမိန့်ပေးညွှန်ကြားထားသည့် လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုစီမံကိန်းသည် စစ်ကော်မရှင်လက်အောက်ခံအဖွဲ့တို့အတွက် ငွေဝင်ပေါက်တစ်ခုဖြစ်နေသဖြင့် နေ့စဉ် လမ်းဆုံလမ်းခွနှင့် မြို့အဝင်ဂိတ်နေရာတို့တွင် ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်။

    ထို့ကြောင့် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်နားရှိခြံမှ ခြံပိုင်ရှင်တို့က ခြံလုပ်ငန်းသွားရောက်လုပ်ကိုင်ရန်အခက်တွေ့နေကြောင်းလည်း ခြံလုပ်ငန်းလုပ်ကိုင်သူများမှ ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks