spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း ထိုင်းကုန်စည်စီးဆင်းမှုမပြတ်သော်လည်း သယ်ယူပို့ဆောင်စရိတ်အဆမတန်ကြီးမြင့်

    မွန်ပြည်နယ်အတွင်း ထိုင်းကုန်စည်စီးဆင်းမှုမပြတ်သော်လည်း သယ်ယူပို့ဆောင်စရိတ်အဆမတန်ကြီးမြင့်

    -

    စစ်ကော်မရှင်မှ ထိုင်းကုန်ပစ္စည်းများကို တင်သွင်းခွင့်ပိတ်ထားခြင်းနှင့် လိုင်စင်မဲ့ကုန်စည်များ ဖမ်းဆီးရေးလုပ်ဆောင်နေခြင်းကြောင့် သယ်ယူပို့ဆောင်စရိတ်ကြီးမြင့်လာပြီး ကျောထောက်နောက်ခံအင်အားရှိသည့် ကုန်သည်ကြီးများသာ ထိုင်းကုန်ပစ္စည်းများကို တင်သွင်းနိုင်တော့ကြောင်း ကုန်သည်နှင့်ယာဉ်မောင်းများက ဆိုသည်။

    ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းအဓိကတင်သွင်းနေသည့် မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားကို စစ်ကော်မရှင်က ပြီးခဲ့သည့် သြဂုတ်လတွင် ပိတ်ပင်ထားပြီး လမ်းပိုင်းတွင်လည်း ဖမ်းဆီးမှုလုပ်ဆောင်နေခြင်းကြောင့် ကုန်ပစ္စည်းများကို ကုန်းလမ်း၊ရေလမ်းအဆင့်ဆင့်ဖြင့် တင်သွင်းလာရသည်။

    မွန်ပြည်နယ်သို့ ထိုင်းကုန်စည်များရောက်ရှိရန် စစ်ကော်မရှင်မြို့နယ်ဦးစီးမှုးနှင့် ပူးပေါင်း၍လည်းကောင်း ကရင်၊ မွန်တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များထံ သဘောတူညီမှုရယူ၍လည်းကောင်း တင်သွင်းနေရကြောင်း မွန်မှ ထိုင်းကုန်စည်တင်သွင်း နေသူတစ်ဦးက‌ပြောသည်။

    “ ကုန်တွေကတော့ အဆက်အသွယ်အပေါ်မူတည်ပြီး ပို့လို့လည်းရတယ်၊ သူတို့မပိတ်ခင်ဆို တစ်ဖာ ၅၀၀၀ ၊၁၀၀၀၀ လောက်ပဲ အခုကကားနဲ့ အခွန်ယူတယ်၊ တစ်ဖာဆို ၅ သောင်းကျော်အထိပေါ့နော်။ အဓိက ပိုက်ဆံအကုန်များသွားတယ်၊ ကျိုက်မရောဘက်မှာဆိုရင် ကရင်တွေကအခွန်ယူပြီး‌တော့ လှေနဲ့ချောင်းတွေကနေ ဦးလေးရွာလမ်းဝမှာကုန်တွေပေးသယ်တယ်” ဟု ပြောသည်။

    ပြည်တွင်းရှိကုန်သည်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များက တရားမဝင်လမ်းကြောင်းဖြင့် ဆက်လက်လုပ်ကိုင်နိုင်ဆဲဖြစ်ပြီး အချိတ်အဆက်မရှိသည့် ကုန်သည်ငယ်များသည် အလုပ်သမားဌားရမ်းခ၊ အကောက်အခွန်ခများကြောင့် လုပ်ငန်းရပ်နားထားရသည်။

    ကုန်စည်များကိုတရားမဝင်လမ်းမှ အခွန်အခကုန်ကျမှုများဖြင့်တင်သွင်းရသော်လည်း ယခုအချိန်တွင် ကုန်စည်ဝင်ရောက်နိုင်ရန်သာ ပိုအရေးကြီးသည်ဟု မွန်ပြည်နယ်မှ ကုန်တင်ယာဥ်မောင်းတစ်ဦးက ပြောသည်။

    “အဆင်ပြေတဲ့လမ်းကနေဆင်းတယ်၊ ကားခများတာတို့အရေးမကြီးဘူး၊အဓိကပစ္စည်းသွားရဖို့ ဖြတ်သန်းဖို့၊ ရောက်လာဖို့ အရေးကြီးတယ်၊ ဒီခေတ်မှာပစ္စည်းရောက်တာကိုကျေးဇူးတင်နေရတယ်၊ မြဝတီ ကုန်သွယ်ဇုန်ပိတ်ကတည်းကဝင်နေတဲ့ကုန်တွေကမှောင်ခိုပေါ့၊ အကုန်လုံးနဲ့ပေါင်းရတယ်၊ မွန်၊ကရင်၊ စစ်သား၊ အခွန်ခများလည်းမတတ်နိုင်ဘူး၊ မြဝတီကနေလည်းဖောင်နဲ့ ကူးလာတာပဲ” ဟု ပြောသည်။

    လက်ရှိတွင် ထိုင်းကုန်စည်များကို မွန်ပြည်နယ်အတွင်းသို့ ဘုရားသုံးဆူ- ကြာအင်းဆိပ်ကြီး-ကျိုက်မရောလမ်းပိုင်း၊ မြဝတီ-ထို့ကော်ကိုး-မော်လမြိုင် လမ်းပိုင်းနှင့် အာရှလမ်းဟောင်းတွင်လည်း အသုံးပြု တင်သွင်းနေသည်ဟုလည်း ဆိုသည်။

    မွန်ပြည်နယ်တွင် အဆိုပါလမ်းပိုင်းများမှတဆင့် ထိုင်းကုန်စည်ပစ္စည်းများ စီးဆင်းနေသည့်အတွက် အခြားတိုင်းနှင့် ပြည်နယ်များကဲ့သို့ ကုန်စည်ပြတ်လပ်မှုနှင့် ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုဒဏ်သည် များစွာမသက်ရောက်သေးကြောင်း ကုန်စုံရောင်းချနေသူများထံမှ သိရသည်။

    သို့သော် လိုင်စင်မဲ့ကုန်စည်များ ဖမ်းဆီးရေးအကြောင်းပြချက်ဖြင့် သွင်းကုန်များကို ကန့်သတ်နေသဖြင့် ရန်ကုန်အပါအဝင် အခြားမြို့ကြီးများသို့ ကုန်စည်တင်ယာဉ်များ လနှင့်ချီ ပိတ်ဆို့ခံထားရဆဲဖြစ်သည်။

    ပုံ- ဦးလေးရွာတွင် လှေဖြင့်ကုန်စည်တင်ပို့မှုလုပ်ဆောင်နေစဥ် ယာဥ်မောင်းတစ်ဦးမှ ရိုက်ကူးထား

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks