Home သတင်း အာယုတောင်အုပ်ချုပ်ရေးမှုးလင်းဦး၏ လက်အောက်ခံတပ်သား မွန်လူငယ်တစ်ဦးကို ရေးဘီလူးဖမ်းဆီး

အာယုတောင်အုပ်ချုပ်ရေးမှုးလင်းဦး၏ လက်အောက်ခံတပ်သား မွန်လူငယ်တစ်ဦးကို ရေးဘီလူးဖမ်းဆီး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်အုပ်ချုပ်ရေးမှုးလင်းဦးထံတွင် လက်နက်ကိုင်ဆောင်ခွင့်ရရှိပြီး တာဝန်ထမ်းဆောင်နေသူ မွန်လူငယ်တစ်ဦးကို ဖမ်းဆီးရမိထားကြောင်း ရေးဘီလူးခေါင်းဆောင်မှ ပြောပြချက်အရ သိရသည်။

တောင်စွန်းကျေးရွာအနီးရှိ ဥယျာဉ်ခြံတစ်ခုတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို လာရောက်စုံစမ်းထောက်လှမ်းနေသူ အဆိုပါမွန်လူငယ်ကို အောက်တိုဘာလ ၂၀ ရက်နေ့ ယမန်နေ့က ဖမ်းဆီးရမိခဲ့ပြီး လက်ရှိတွင် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဆိုသည်။

ဖမ်းဆီးရမိစဉ်တွင် လက်နက်မပါရှိသော်လည်း လင်းဦးအဖွဲ့လက်အောက်ခံအဖြစ် တာဝန်ထမ်းဆောင်နေချိန်က လက်နက်ကိုင်ဆောင့်ခွင့်ဖြင့် ရုံးပိုင်းနှင့် ကင်းစောင့်တပ်သားအဖြစ် လှုပ်ရှားနေသူဖြစ်သဖြင့် စုံစမ်းစစ်ဆေးမှု အသေအချာလုပ်ဆောင်နေရကြောင်း ရေးဘီလူးခေါင်းဆောင်က ပြောသည်။

ပုံ- ရေးဘီလူး

“သူ့ရဲ့ထွက်ဆိုမှုမှာတော့ တပ်သားတစ်လလောက်ပဲ လုပ်ရသေးတယ်လို့ ပြောတယ်။ ဒါမဲ့သူ့ရဲ့ထွက်ဆိုမှုကို အတည်ယူလို့မရဘူး။ အပြင်သတင်းစုံစမ်းကြည့်ရသလောက်တော့ လင်းဦးတပ်သားလုပ်နေတာ ၆ လ လောက်ရှိပြီး။ ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ပေးကိုင်မယ့်တပ်သားတစ်ဦးကတော့ အနည်းဆုံးသင်တန်း ၂ လလောက်ရှိတယ်။ တစ်လတည်းနဲ့ သူ့ကိုသေနတ်ပေးကိုင်တယ်ဆိုတဲ့ယုံကြည်မှုကို ဘယ်လိုမှ တည်ဆောက်လို့မရဘူး”ဟု သူကပြောသည်။

အဆိုပါ မွန်လူငယ်သည် အသက် ၂၁ အရွယ်ရှိသည့် အာယုတောင်ကျေးရွာ ဒေသခံတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။

ရေးဘီလူးအဖွဲ့မှ စစ်ဆေးမေးမြန်းမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ၎င်းကျူးလွန်ထားသည့် ပြစ်မှုပေါ်မူတည်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်ပြောသည်။

“သူ့ကိုဘယ်လိုဆက်ပြီးအရေးယူဆောင်ရွက်သွားမလဲဆိုတာတော့ သူ့ရဲ့ပြစ်မှုပေါ်မှာမူတည်တယ်။ ခုလက်ရှိတော့ သူ့ကိုထိန်းသိမ်းထားတယ်။ ကျနော်တို့အထက်ဗျူဟာတွေကို မေးပြီးတော့ သူ့ကိုဘယ်လိုဆက်လုပ်မလဲ၊ အထက်ကညွှန်ကြားချက်အတိုင်း ဆက်ပြီးလုပ်ဆောင်သွားမယ်” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) အမှတ် (၁၉) တပ်မှ ထွက်ပြေးလာသော တပ်သား ၃ ဦးကို ရေးဘီလူးတပ်ဖွဲ့က စစ်ဆေးမှုပြုလုပ်နေပြီး ထိန်းသိမ်းထားခဲ့သေးသည်။

ရေးဘီလူးအဖွဲ့သည် ရေးမြို့နယ်အတွင်းက စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များကို မကြာခဏပစ်ခတ်ရှင်းလင်းလေ့ရှိသည့်အပြင် ဌာနဆိုင်ရာရုံးများ၊ ရဲစခန်းနှင့် စစ်ဆေးရေးဂိတ်များကိုလည်း မကြာခန ဝင်ရောက်တိုက်ခိုက်လေ့ရှိသည်။

အာယုတောင်အုပ်ချုပ်ရေးမှုးရုံးကို ရေးဘီလူးအဖွဲ့မှ ၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းက လာရောက်ပစ်ခတ်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့် အုပ်ချုပ်ရေးမှုးလင်းဦးဆိုသူ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီးနောက် ရေးခရိုင်ဆေးရုံကြီးနှင့် စကခ(၁၉) ဌာနချုပ်အတွင်း ဆေးဝါကုသခံယူပြီး ပြန်လည်ကောင်းမွန်လာခဲ့သည်။

လက်ရှိတွင် အာယုတောင်ရွာအတွင်း အုပ်ချုပ်ရေးမှုးနှင့် ပျူစောထီးခေါင်းဆောင်အဖြစ် တာဝန်ယူနေဆဲဖြစ်ပြီး ကျေးရွာအတွင်း စစ်ကော်မရှင်တပ်သားတို့ မကြာခဏ ဝင်ထွက်သွားလာနေကြောင်းလည်း ဒေသခံများက ဆိုသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.