spot_img
Tuesday, October 21, 2025
More
    spot_img
    Homeသတင်းမွန်လူထုအများစု ရွေးကောက်ပွဲကို စိတ်မဝင်စား

    မွန်လူထုအများစု ရွေးကောက်ပွဲကို စိတ်မဝင်စား

    -

    စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို မွန်လူထုအများစုက စိတ်မဝင်စားကြောင်း မွန်လူထုများ၏ ပြောဆိုချက်များအရ သိရပါသည်။

    စစ်ကော်မရှင်က လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း(၁) ကို မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရွေးကောက်ပွဲ အပိုင်း (၂) ကို မြို့နယ် ၁၀၀ မြို့နယ်တို့တွင် ဆက်လက် ကျင်းပမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

    ပြည်သူလူထုရော နိုင်ငံတကာပါ ထောက်ခံမှုမရှိသော အဆိုပါ ရွေးကောက်ပွဲကို ဆန္ဒမဲထည့်ရန် မရှိကြောင်း၊ မဖြစ်မနေ ဖိအားတစ်ခုခုကြောင့် ထည့်ရမည်ဆိုပါက မိမိ စိတ်ဝင်စားသည့်ပါတီ မတွေ့သေးကြောင်း ကျိုက်မရောမှ မွန်လူငယ်တစ်ဦးက ပြောသည်။

    “လာမယ့် ဒီဇင်ဘာလမှာ လုပ်မယ့် ဒီဇင်ဘာလမှာ လုပ်မယ့် ၂၀၂၅ ရွေးကောက်ပွဲကြတော့ လူထုအနေနဲ့ စိတ်ဝင်စားမှုကတော့ အောက်ဆုံးအထိမှာ ရှိနေပါတယ်။ ဘယ်လိုပြောမလဲဆိုတော့ ဘယ်လိုမှ ကျနော်တို့ မခံစားနိုင်ဘူး။ ဘယ်လိုမှ ကျနော်တို့ စိတ်လှုပ်ရှားမှု မရှိဘူး။ ဒါကတော့ ကျနော်ရဲ့ လက်ရှိ ခံယူချက်ပါ၊ မဲထည့်ဖို့ရှိလားဆိုတော့ မဲကတော့ မဖြစ်မနေ ပြည်တွင်းမှာ ရှိနေတဲ့ လူငယ်တစ်ယောက်အနေနဲ့ မဖြစ်မနေ ထည့်ရမယ်ဆိုလို့ရှိရင်လည်း ကျနော်တို့အနေနဲ့ရော ဒီနိုင်ငံတကာအနေနဲ့ရော လုံးဝထောက်ခံအားပေးမှု မရှိတဲ့ ဒီရွေးကောက်ပွဲကို မဲထည့်ဖို့ဆိုတာက မရှိပါဘူးပေါ့၊ မဖြစ်မနေ ဖိအားတစ်ခုခုကြောင့် ထည့်ရမယ်ဆိုလို့ရှိရင် ကျနော်တို့က စိတ်ဝင်စားတဲ့ ပါတီကို မတွေ့သေးပါဘူး။ ကျနော်တို့ မွန်လူမျိုးကို ကိုယ်စားပြုတဲ့ ပါတီရှိရင်တောင်မှ အရင် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ကလိုမျိုးတော့ မဟုတ်ပါဘူးဗျ” ဟု ပြောသည်။

    စစ်ကော်မရှင်က ဖွဲ့စည်းထားသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က လာမည့် အောက်တိုဘာ ၂၈ ရက် နံနက် ၆ နာရီမှစ၍ ဒီဇင်ဘာ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ မဲဆွယ်စည်းရုံးခွင့်ကာလကို သတ်မှတ်ထားသည်။

    မွန်ဒေသတွင် မဲဆန္ဒရှင်များ မဲထည့်ရန် စည်းရုံးရ ခက်နေသည့်အခြေအနေတွင် ရှိနေကြောင်း၊ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု အားနည်းကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက ပြောသည်။

    “အခက်အခဲတွေကြတော့ ရေးမှာကြတော့ ရေးတို့ တချို့နေရာတွေကြတော့ လုံခြုံရေးကိစ္စတော့ နည်းနည်းတော့ အခက်အခဲရှိတယ်။ နောက်ပြီးတော့ ဘဏ္ဍာရေးကိစ္စပေါ့နော်၊ ဘတ်ဂျက်ကိစ္စတော့ အခက်အခဲရှိမယ်၊ နောက်ပြီးတော့ မဲဆန္ဒရှင်တွေလည်း ကျနော်တို့ စည်းရုံးရခက်တာပေါ့၊ သူတို့ စိတ်ဝင်စားမှုအားနည်းတာပေါ့၊ အဲဒါကို ကျနော်တို့လည်း ကြိုးစားနေတုန်းပဲ၊ အဓိကတော့ သူတို့ မဲမထည့်တာထက်စာရင် မဲကိုသွားထည့်ဖို့ သူတို့ ကြိုက်တဲ့လူ သူတို့ သွားထည့်ဖို့ အဲဒါကိုလည်း ကျနော်တို့ တိုက်တိုက်တွန်းတွန်းနဲ့ ပြောကြဆိုကြရတာပေါ့၊ စည်းရုံးရတာပေါ့၊ မဲသွားထည့်ဖို့ပေါ့” ဟု‌ ပြောသည်။

    ဒီဇင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရသည့် ကိုယ်စားလှယ်လောင်း အတည်ပြုချက် စာရင်းများအား အောက်တိုဘာ ၁၉ ရက်မှစ၍ စစ်ကော်မရှင်က အသိပေးထုတ်ပြန်ခဲ့သည်။

    နိုင်ငံရေးပါတီများ မွန်ဒေသမှာ စည်းရုံးပြောဆိုမှုအခြေအနေသည် မြေပြင်မှာ ယခုအချိန်အထိ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်း မတွေ့ရသော်လည် အွန်လိုင်းမှတဆင့် မဲဆွယ်စည်းရုံးရေးဆန်ဆန် ရေးသားပြောဆိုခြင်းမျိုး တွေ့ရကြောင်း မွန်ဒေသခံများက ပြောသည်။

    ပြည်တွင်းစစ်ပဋိပက္ခဖြစ်နေချိန်နှင့် အားလုံးပါဝင်သည့်အခင်းအကျင်း မရှိသောအချိန်မှာ ယခင် ရွေးကောက်ပွဲများလို စိတ်ဝင်စားမှု မရှိကြောင်း၊ ထို့အတူ ကျင်းပမည့်စနစ်များအပေါ် သံသယရှိကြောင်း ကြာအင်းဆိပ်ကြီးမှ မွန်လူငယ်တစ်ဦးက ပြောသည်။

    “ကွာခြားချက်ကတော့ အများကြီးပါ။ ရွေးကောက်ပွဲစနစ်တွေရော မဲပေးစနစ်တွေရော မတူကြဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ပြည်သူတွေ စာရွက်အနေနဲ့ ကိုယ်ကြိုက်တဲ့ ပါတီတွေကို တံဆိပ်တုံးထုပြီး မဲပုံးမှာ ထည့်ရတယ်။ အခုကတော့ ဒီဂျစ်တယ်စနစ် နဲ့ မဲပေးရတယ်ဆိုကြတော့ ကိုယ်နှိပ်ပေးလိုက်တဲ့ ပါတီတွေကို တစ်ကယ်မဲပုံးထဲမှာ ရောက်ရှိတာလား၊ ပြုလုပ်ထားတဲ့ ဒီဂျစ်တယ်မဲပေးပုံးကိုရော တစ်ကယ်မှန်ကန်ရဲ့လား။ တစ်ကယ်စိတ်ချရလားကိုတော့ ကွာခြားချက်တော့ အများရှိတယ်” ဟု ပြောသည်။

    ၎င်းပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း အပါအဝင် ရုရှားနှင့် အာဆီယံနိုင်ငံအချို့ ၎င်းရွေးကောက်ပွဲကို ပံ့ပိုးကူညီမှုများ ရှိနေသည်။

    စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲစနစ်သည် ကိုယ်စားလှယ်ရော ပါတီအပါ လိုသလိုကြိုတင် ပုံဖော်ထားသည့်အတွက် ကြံ့ခိုင်ရေးပါတီ (USDP) ကို အခြားပါတီများ အနိုင်ယူရန် မလွယ်ကူကြောင်း ချောင်းဆုံမြို့နယ်မှ မွန်ဒေသခံတစ်ဦးက ပြောသည်။

    “အာဏာသိမ်းစစ်တပ်က ဒီကောင်တွေ ရွေးကောက်ပွဲကို ဘယ်လို ဉာဏ်နီဉာဏ်နက်နဲ့ ကြံဖန်လုပ်မလဲ စိတ်ဝင်စားမှု ရှိပါတယ်၊ ဒါပေမယ့် မဲထည့်ဖို့တော့ မရှိပါဘူး။ အခု လုပ်မယ့် ရွေးကောက်ပွဲက အရင် ၂၀၂၀ ရွေးကောက်ပွဲတွေနဲ့ တအားကွာပါတယ်။ ဘာကွာလဲဆိုတော့ ခိုင်မာအားကောင်းတဲ့ အတိုက်အခံပါတီမရှိဘူး၊ ကြိုပြီး ရိုက်ချထားပါတယ်။ ဥပမာ NLD၊ SNLD ပြီးတော့ NDF ခမောက်ပါတီလိုမျိုးတောင် သူတို့သံသယရှိလို့ ကြိုရှင်းခဲ့တယ်” ဟု ပြောသည်။

    စစ်ကော်မရှင်သည် မွန်ဒေသရှိ မြို့နယ်အားလုံးနီးပါးတွင် ရွေးကောက်ပွဲကျင်းပရန် လုပ်ဆောင်နေပြီး မွန်ညီညွတ်ရေးပါတီ၊ ပအိုဝ်အမျိုးသားတိုးတက်ရေးပါတီ အပါအဝင် နိုင်ငံတစ်ဝှမ်းစည်းရုံးမည့် နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

    အာဏာသိမ်းစစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို မွန်လက်နက်ကိုင်တော်လှန်ရေးအင်အားစု အသီးသီးက ဆန့်ကျင်ထားပြီး ပူးပေါင်းပါဝင်သူများအား အရေးယူမည်ဟု ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,600SubscribersSubscribe
    spot_img

    Latest posts