ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ကရင်နယ်ခြားစောင့်တပ်(BGF/KNA) ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ရာနေရာဖြစ်သည့် (KK Park) ကို စစ်ကော်မရှင်အဖွဲ့က ကြိုတင်အကြောင်းကြားပြီးမှ ဝင်ရောက်စီးနင်းမှု လုပ်ဆောင်ခဲ့ကြောင်း (KK Park) နှင့်နီးစပ်သည့် မြဝတီဒေသခံများက ပြောသည်။
ကရင်နယ်ခြားစောင့်တပ်(BGF/KNA) ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့်လုပ်ငန်းဖြင့် နာမည်ဆိုးနေသည့် (KK Park) ကို တရားမဝင်လုပ်ငန်းများမရှိစေရေးအတွက် နယ်မြေစိုးမိုးမှုလုပ်ဆောင်သည့်အနေဖြင့် ဝင်ရောက်စီးနင်းခဲ့ရာ အလုပ်သမား ၂၁၉၈ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်က အောက်တိုဘာလ ၁၉ ရက်နေ့က ထုတ်ပြန်ထားသည်။
စစ်ကော်မရှင်ဘက်မှ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း (KK Park) တာဝန်ရှိသူများနှင့် လာရောက်တွေ့ဆုံမှု လုပ်ဆောင်ခဲ့ပြီး အဆိုပါနေရာတစ်ဝိုက် လုပ်ငန်းလုပ်ကိုင်နေမှုအခြေအနေများကိုလည်း လာရောက်ကြည့်ရှု့ခဲ့သေးကြောင်း မြဝတီဒေသခံတစ်ဦးက ပြောသည်။

"ဝင်မစီးခင် လွန်ခဲ့တဲ့တစ်ပတ်လောက်က စစ်ကော်မရှင်ဘက်က (KK Park) တစ်ခုလုံးကို ဝင်ကြည့်တာရှိတယ်ပေါ့၊ လာတွေ့ပြီး ပိုက်ဆံနည်းနည်းပါးပါးတောင်းတာတွေလည်းရှိတယ်။ အဲ့မှာပဲ မလိုအပ်တော့တဲ့ စတားလင့်စက်တွေနဲ့ ဓါတ်ပုံလာရိုက်သွားတာမျိုးပဲ။ တရုတ်တွေကိုလည်း အဲ့ချိန်မှာ တစ်ချက်ဖယ်ထားခိုင်းတယ်ပေါ့၊ ဒီကိစ္စက ဟန်ပြပါပဲ။ တကယ်ဖမ်းမယ်ဆို ဒီထက်အများကြီးတော့ ဖမ်းမိမှာပါ။"ဟု သူက ဆိုသည်။
မြေဧရိယာအကျယ်အဝန်းအာဖြင့် ဧကရာနှင့်ချီရှိပြီး အလုပ်သမား သောင်းနှင့်ချီရှိနေသည့် (KK Park) ကျားဖြန့်လုပ်ငန်းနေရာကို အလုပ်သမား ထောင်ဂဏန်း၊ စတားလင့်စလောင်း ၃၀ ခုဖြင့် ဟန်ပြဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုလည်း ဆက်ပြောသည်။
စစ်ကော်မရှင်စစ်ကြောင်းသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ စိုးမိုးထိန်းချုပ်ထားသည့် မြဝတီမြို့နယ် လေးကေ့ကော်ဒေသရှိ ရှုခင်းသာ၊ စွယ်တော်ကုန်းစခန်းတို့အား ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း တချိန်တည်း (KK Park) ကိုလည်း ဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်ဘက်က ဆိုသည်။
အဆိုပါ (KK Park) ဝန်းအတွင်းရှိ အဆောက်အအုံများ ဆောက်လုပ်ထားရှိမှု၊ မြေပိုင်ဆိုင်မှုများနှင့် ပတ်သက်၍ နိုင်ငံတော်၏ တရားဝင်ခွင့်ပြုမိန့်၊ မြေပိုင်ဆိုင်မှုအထောက်အထား၊ ဟိုတယ် နှင့် ခရီးသွားလာရေး၏ ဆောင်လုပ်ခွင့်ပြုမိန့်နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိခြင်း မရှိကြောင်းလည်း ဆိုထားသည်။
ထို့အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆင့်ခေါ်ခဲ့သော်လည်း လာရောက်ခြင်းမရှိသည့်အတွက် အရေးယူဆောင်ရွက်မှုများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
(KK Park) ကို စစ်ကော်မရှင်က ဝင်ရောက်သိမ်းလိုက်သော်လည်း မြဝတီမြို့တွင် ပုံမှန်သွားလာနေကြဆဲဖြစ်ကြောင်း မော်လမြိုင် – မြဝတီ ခရီးစဉ်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။
“အခြေအနေကတော့ အေးဆေးပါပဲ၊ ကျနော်တို့ ကားသမားတွေက သွားနေလာနေကြတာပဲလေ၊ ဒါတော့ သိပ်မထူးခြားဘူး။ မြဝတီမြို့မှာတော့ အေးဆေးပဲ သွားရလာရတာ၊ သွားနေတာပဲ၊ အမြန်လမ်းကြတော့ စစ်တပ်ဖက်ကပေါ့နော်၊ ဒီတခြားလမ်းတွေကြတော့ အဖွဲ့အစည်းကပဲ၊ သွားလာတာတော့ အေးဆေးပဲ၊ အမြန်လမ်းကြတော့ မသွားရဲကြသေးဘူး” ဟု ပြောသည်။
လက်ရှိတွင် (KK Park) ကို ကရင်နယ်ခြားစောင့်တပ် (BGF/KNA)မှ ဦးဆောင်ထိန်းချုပ်နေပြီး မြဝတီအပြင် ရွှေကုက္ကိုလ်မြို့ဘက်တွင် အလားတူ ကျားဖြန့်လုပ်ကိုင်ရာနေရာများ များစွာရှိနေကြောင်း IMNA သတင်းအရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။