Wednesday, March 18, 2026
More
    spot_img
    Homeသတင်းကော့သောင်းမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦးနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရ

    ကော့သောင်းမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင် ၁ ဦးနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် ၂ ဦး ဖမ်းဆီးခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်တွင် ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ရာအိမ်မှူးတစ်ဦး စုစုပေါင်း ၃ ဦးတို့ကို လက်နက်ကိုင်အဖွဲ့တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်နေ့က ကော့သောင်းမြို့နယ်၊ လုံးဖောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ကျေးရွာပြည်သူ့စစ်ခေါင်းဆောင် ဦးအေးစိုး (ခ) ခေါင်းဖြူနှင့် အေးချမ်းသာကျေးရွာ ရာအိမ်မှူး ဦးသက်ဦးတို့ကို တစ်ရက်တည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်သတင်းချန်နယ်များ၏ ဖော်ပြချက်အရ သိရသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရှိနိုင်ရန် ကော့သောင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်တပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလပြည့်ကို လွတ်လပ်သောမွန်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းခဲ့ရာ ရဲဘော်တို့၏ လုံခြုံရေးအရ အတိအကျ မဖြေကြားနိုင်သေးဟု ဆိုသည်။

    “ကော့သောင်းတစ်မြို့နယ်လုံးမှာ ကျနော်တို့ပဲ ရှိတာပေါ့နော်။ ရဲဘော်တွေရဲ့ လုံခြုံရေးအရ အတိအကျတော့ မဖြေကြားပေးသေးပါဘူးဗျ။ ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး ပြည်သူတွေ သိရှိနိုင်ဖို့ ထုတ်ပြန်ပေးသွားမှာပါ။ ဘာလို့ ဖမ်းဆီးလိုက်တာလဲ၊ ဖမ်းဆီးမှု ဖြစ်စဉ်အားလုံးကို ရဲဘော်တွေ စခန်းရောက်ရင် ထုတ်ပြန်ပေးသွားမှာပါ” ဟု ကိုလပြည့်က ပြောသည်။

    အာဏာသိမ်း စစ်ကော်မရှင်မှ ခန့်အပ်ထားသည့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲဖြစ်မြောက်ရေး မဲစာရင်းပေးခြင်းကိစ္စရပ်များနှင့် စစ်မှုထမ်းတပ်သားသစ် စုဆောင်းပေးခြင်း၊ စစ်မှုထမ်းကြေးများပေးခြင်း၊ ပေါ်တာကြေးများပေးခြင်းနှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်းကိစ္စရပ်များ မပြုလုပ်ကြရန် အထူးသတိပေးလိုသည်ဟု ၎င်းက ဆက်ပြောသည်။

    “အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အုပ်ကြီးတွေကို သတိပေးတာ မရလို့ အရေးယူရတာ။ တစ်ချို့အုပ်ကြီးတွေက ကျနော်တို့ကို ပြန်လည်ခုခံတာမျိုးလည်း ရှိတယ်” ဟု ဆိုသည်။

    ထိုအပြင် ရွေးကောက်ပွဲ နီးကပ်လာသည့်နှင့်အမျှ ပြည်သူများ စစ်ရေးသတိရှိကြရန်၊ ခရီးသွားလာရာတွင် မှန်ချမောင်းနှင်ခြင်း၊ အကာအကွယ်ဖုံးအုပ်ခြင်းများ မပြုလုပ်ကြပါရန်၊ စစ်ကော်မရှင်ယာဉ်တန်း အနီးကပ်တွင် မသွားလာကြပါရန်နှင့် စစ်ကော်မရှင်အဆောက်ဦးများ အနီးကပ် မနေထိုင်ကြပါရန် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အောက်တိုဘာ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    စစ်ကော်မရှင်သည် ၎င်းတို့အာဏာတည်မြဲရေးအတွက် ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲနှင့် လက်ရှိပြုလုပ်နေသည့် ဟန်ပြငြိမ်းချမ်းရေး၊ တွေ့ဆုံဆွေးနွေးရေးများတွင် ပူးပေါင်းပါဝင်ခြင်း၊ အားပေးခြင်းမပြုဘဲ ပြတ်သားခိုင်မာသည့် သဘောထားရပ်တည်ချက်များဖြင့် အားလုံးအတူတကွ ဆန့်ကျင်သွားကြပါရန် အဆိုပါ ထုတ်ပြန်ချက်တွင် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks