spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် မြန်မာသင်ကြားရေးစင်တာများကို အာဏာပိုင်များစစ်ဆေးမှု ထပ်မံတင်းကြပ်

    ထိုင်းနိုင်ငံအတွင်း ဖွင့်လှစ်ထားသည့် မြန်မာသင်ကြားရေးစင်တာများကို အာဏာပိုင်များစစ်ဆေးမှု ထပ်မံတင်းကြပ်

    -

    ထိုင်းနိုင်ငံ၊ စမွတ်စခွန်၊ စူရာတ်ဌာနီ၊ ဖူးကတ် စသည့်ဒေသအတွင်း ဖွင့်လှစ်ထားသည့် မြန်မာသင်ကြားရေးစင်တာများကို ယခုရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်များမှ စစ်ဆေးမှု ထပ်မံတင်းကြပ်လာနေကြောင်း ကျောင်းတာဝန်ရှိသူများက ဆိုသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့က စမွန်စခွန်ခရိုင်၊ မဟာချိုင်ရှိ တရားဝင်ဖွင့်လှစ်ထားသည့် မြန်မာပညာရေးစင်တာတစ်ခုကို ထိုင်းအာဏာပိုင်များက တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးခဲ့ပြီး စာသင်ကြားပေးနေသည့် ကျောင်းဆရာ၊ဆရာမ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးလိုက်သည့်အပြင် သင်ကြာရေးစင်တာကိုပါ ပိတ်သိမ်းလိုက်ကြောင်း သိရသည်။

    ဖမ်းဆီးခံရသည့် ကျောင်းများသည် တရားဝင်မှတ်ပုံတင်ထားသော်လည်း မှတ်ပုံတင်ပါအချက်အလက်နှင့် အကောင်ထည်ဖော်ဆောင်ရွက်နေမှုများမကိုက်ညီသဖြင့် တိုင်တန်းခံနေရကြောင်း၊ နောက်ဆက်တွဲအနေဖြင့် အခြားသင်ကြားရေးစင်တာများလည်း စစ်ဆေးခံနေရကြောင်း မဟာချိုင်မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

    “ မှတ်ပုံတင်ထဲမှာက တိုင်းရင်းသားဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်မယ်လို့ တင်ထားတာ။ ဒါမဲ့ တကယ့် လက်တွေ့မှာက ကိုယ့်နိုင်ငံအတွက် စာသင်နေတာ။ အဲ့ထဲမှာ စာသင်နေတဲ့ ဆရာ၊ဆရာမတွေကလည်း ကျောင်းဆရာ၊ ဆရာမအတွက် Work Permit မလုပ်ဘဲနဲ့ သာမန်လူလုပ်တဲ့ Work permit ကိုပဲ လုပ်ထားပြီးစာသင်နေတော့ သူတို့နိုင်ငံရဲ့ ဥပဒေအရ မှားနေတယ်ပေါ့နော်။ အဲ့ကြောင့် ကျောင်းပိတ်ခံလိုက်ရတယ်” ဟု ၎င်းက ပြောသည်။

    စမွတ်စခွန်ခရိုင်၊ မဟာချိုင်အတွင်း အခြားကျန်ရှိနေသည့် မြန်မာစာသင်ကျောင်းများကိုလည်း ယခုရက်ပိုင်းအတွင်း ထိုင်းအာဏာပိုင်အဖွဲ့များက ဖမ်းဆီးစစ်ဆေးမှုများ ထပ်မံပြုလုပ်သွားရန်ရှိသည်ဟု သတင်းများထွက်ပေါ်လျှက်ရှိသည်။

    ထိုအခြေအနေများကြောင့် မြန်မာစာသင်ကျောင်းအများစု ယာယီရပ်နားထားရသည့်အပြင် အချို့ကလည်း ဖမ်းဆီးစစ်ဆေးမှုကြားတွင် ကြိုးစားသင်ကြားနေသည်ဟု သိရသည်။

    “အခုကလေ ဖွင့်ထားတဲ့ကျောင်းအကုန်လုံးကလည်း ခြေတစ်ဖက်နင်းထားပြီး ကြိုးစားသင်နေရတယ်။ အခုကာလက မှတ်ပုံတင်လည်း ချက်ချင်းကျလာမှာမဟုတ်ဘူး။ ကျောင်းတစ်ကျောင်းဖြစ်လာဖို့ဆို စိစစ်စစ်ဆေးမှုတွေက အများကြီးရှိတယ်။ အဲ့ကြောင့် မှတ်ပုံတင်ကတော့တင်ထားတယ်။ ဒါမဲ့ ခွင့်ပြုချက်မရသေးဘူး။ ဘယ်တတ်နိုင်မလဲလေနော် အဲ့ကြားမှာ ဆက်လုပ်နေရတာပဲပေါ့”ဟု အထက်ပါ ကျောင်းဆရာက ဆက်ပြောသည်။

    အကြောင်းအမျိုးအမျိုးကြောင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကျောင်းနေအရွယ်ကလေးများအတွက် ပညာရေးသည် ကိုယ်ထူကိုယ်ထဖြင့် ဖွင့်လှစ်ထားသည့် မြန်မာစာသင်ကျောင်းများကိုသာ အားထားနေရသော်လည်း အချိန်မရွေးကျောင်းပိတ်ခံနေရသည့် အခြေအနေများကြောင့် ပညာသင်ကြားခွင့်အတွက် စိန်ခေါ်မှုရှိလာကြောင်း ‌ကျောင်းသားမိဘနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    “ စိတ်ဒဏ်ရာတွေ အများကြီးရနေကြတယ်။ ထိုင်းအစိုးရဘက်ခြမ်းထားဖို့ကလည်း အထောက်အထားမပြည့်စုံတော့ နေခွင့်မရှိဘူး။ ဒီတိုင်းရင်းသားကျောင်းတွေမှာထားဖို့ကလည်း ကျောင်းတိုင်းလိုင်စင်မရှိဘူး။ သားသမီးတွေကို ပညာတတ်စေချင်တယ်။ လိုင်စင်ရှိတဲ့ကျောင်းမှာထားဖို့ကလည်း မပြည့်စုံလို့ မထားနိုင်ဘူး။ သူတို့တွေ အခက်အခဲကိုယ်စီရှိနေကြတယ်”ဟု ဆိုသည်။

    လက်ရှိ အပိတ်ခံရသည့်ကျောင်းများ ပြန်ဖွင့်ခွင့်မရပါက အထောက်အထားမပြည့်စုံဘဲ ပညာသင်ကြားနေသည့် မြန်မာကလေးများ စာသင်နှစ်တစ်နှစ် နောက်ကျသွားနိုင်ကြောင်း ဆိုသည်။

    ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ချုမ်ဖော်ခရိုင်အတွင်းရှိ မြန်မာရွှေ့ ပြောင်းအလုပ်သမားများ၏ ကလေးငယ်များအား ပညာသင်ကြားပေးနေသည့် စာသင်ဝိုင်းကို ထိုင်းအာဏာပိုင်တို့က ဝင်ရောက်ဖမ်းဆီးခဲ့သေးသည်။

    ၎င်းအပြင်၂၀၂၄ ခုနှစ်၊ စက်တင်ဘာလကလည်း စူရတ်ဌာနီခရိုင်ရှိ “မေတ္တာရိပ် စာသင်ကျောင်း” အပါအဝင် မြန်မာစာသင်ကျောင်း(၇)ကျောင်းကို ထိုင်းအာဏာပိုင်တို့က ပိတ်သိမ်းအရေးယူခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks