မွန်ပြည်နယ်တွင် စစ်ကော်မရှင်လက်အောက်ခံအဖွဲ့တို့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု အနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထုတို့က ပြောဆိုနေကြသည်။
မော်လမြိုင်၊ မုဒုံ၊ ချောင်းဆုံ၊ ကျိုက်မရော၊ ပေါင် စသည့် မြို့နယ်အများစုတွင် ဘုရားပွဲအကြောင်းပြပြီး လောင်းကစားဝိုင်းများကို စစ်ကော်မရှင်အဖွဲ့တို့က ယခုရက်ပိုင်းအတွင်း အရှိန်မြှင့်တင် ဖွင့်လှစ်လာခဲ့သည်။
အဆိုပါ လောင်းကစားဝိုင်းများကြောင့် ညပိုင်းတွင် ဆူညံသံများကြောင့် အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် ပြည်သူများက အိပ်ကောင်းခြင်း မအိပ်ရဘဲ စိတ်အနှောင့်အယှက်များစွာ ဖြစ်နေသည်ဟု လောင်းကစားဝိုင်းဖွင့်လှစ်နေသည့် ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦးက ဆိုသည်။

“လောင်းကစားဝိုင်းတွေက ညတိုင်းကို ရှိနေတာ။ အခုတလော ပိုဆူညံလာလို့ တစ်ညမှ ကောင်းကောင်းအိပ်လို့ မရနေဘူး။ အမတို့အိမ်ကလည်း အဲနေရာနဲ့နီးတော့ ဆူညံတွေက တအားပဲ။ ညဘက် အိပ်မရတာများလို့ ညပိုင်းအိပ်ဖို့ အခြားနေရာမှာ အိပ်ငှားဖို့အထိ အမေနဲ့ ဆွေးနွေးဖြစ်ခဲ့ တယ်။ အာဝါဒေးတွေပေးပြီး တစ်နှစ်ပတ်လုံး လောင်းကစားဝိုင်းတွေ ဖွင့်နေတော့၊ အဲအနီးအနားက လူတွေ ကြာလာတော့ စိတ်အနှောင့်အယှက်ဖြစ်တာပေါ့။ အဲဒီလောင်းကစားဝိုင်းတွေကို ၅ နှစ်စာချုပ်ချုပ်ပြီး ငှားထားကြတာ” ဟု ပြောသည်။
မော်လမြိုင်မြို့တွင်လည်း ဘုရားပွဲအကြောင်းပြ လောင်းကစားဝိုင်းများကို ရပ်ကွက်တစ်ခုလျှင် ၁၀ ရက်ကျော်ကြာ အလှည့်ကျ ဖွင့်လှစ်နေပြီး အနီးတစ်ဝိုက်နေထိုင်သူများအပြင် လမ်းသွားလမ်းလာသူတို့ကလည်း စိတ်အနှောင့်အယှက် ဖြစ်စေရသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
“ရပ်ကွက်တစ်ခုမှာ ပွဲတစ်ခါသွင်းရင် အဲဒီတစ်လမ်းလုံးမှာ လောင်းကစားဝိုင်းအစုံ ဖွင့်တော့တာပဲ။ အဲပွဲသဘင်တွေကလည်း တစ်ခါလုပ်ရင် ၁၀ ရက်၊ တစ်ချို့ဆို ၁၅ ရက် ကြာတယ်။ လောင်းကစားဝိုင်း ဖွင့်ရင် အဲလမ်းဘက်မှာ သွားလာလို့ မရတော့ဘူး။ လူတွေနဲ့ ပြည့်ကြပ်နေရော၊ အဲအနီးက နေအိမ်တွေလည်း မိုးချုပ်ရင် တံခါးပိတ်လိုက်ကြပြီ။ အခိုးခံရမှာကြောက်လို့။ အခုက ပိုပြီးတော့တောင် စည်းကာလာတယ်။ ပြောရရင် မော်လမြိုင်က အခြားဒေသထက် လောင်းကစားဝိုင်းတွေက အများဆုံးပဲ။ ပွဲတစ်ခါသွင်းရင် အနည်းဆုံး ၅၀ ကျော်အထက်မှာပဲ ရှိတယ်” ဟု ပြောသည်။
ချောင်းဆုံမြို့နယ်ရှိ ကျေးရွာများတွင်လည်း ဇာတ်ပွဲအကြောင်းပြ လောင်းကစားဝိုင်းများကို ၁၂ လရာသီအတွင်း တစ်ရွာပြီးတစ်ရွာ အလှည့်ကျဖွင့်လှစ်နေဆဲဖြစ်ပြီး မိသားစုတွင်း ပြဿနာများနှင့် ဆိုင်ကယ်ပျောက်ဆုံးမှုများ ပိုမိုအဖြစ်များလာသည်ဟု ချောင်းဆုံဒေသခံတစ်ဦးက ပြောသည်။
“လောင်းကစားဝိုင်းတွေက နေ့တိုင်းပဲ ဖွင့်နေတာ။ ပိတ်တဲ့လမရှိဘူး၊ ပိတ်တဲ့ရက်တွေလည်း မရှိဘူး။ အဲဒီလောင်းကစားဝိုင်းတွေမှာ ဆိုင်ကယ်ပျောက်မှုတွေ တော်တော်ဖြစ်လာတယ်။ လောင်းကစားဝိုင်း ဖွင့်နေတာက အဲလောင်းကစားဝိုင်းထဲက လူတွေအပြင် ဘေးပတ်လည်က လူတွေအတွက်လည်း ဒုက္ခ ဖြစ်စေတယ်။ မိသားစုတွေ ဖြစ်နေတဲ့အိမ်တွင်းရေးပြဿနာတွေ၊ ဘာတွေနဲ့၊ တော်တော်စိတ်ရှုပ်စရာ ကောင်းတယ်။ ယောကျာ်းက လောင်းကစားလုပ်၊ ရှုံးလို့ အိမ်ကမိန်းမနဲ့ ရန်ဖြစ်ကြ။ အိမ်ပေါင်၊ ကားပေါင်ကြ။ အဲဒီလောင်းကစားဝိုင်းကြောင့် စီးပွားရေးပျက်စီးပြီး ထိုင်းထွက်ရတဲ့လူတွေလည်း အများကြီးပဲ” ဟု အထက်ပါချောင်းဆုံဒေသခံက ပြောသည်။
စစ်အာဏာသိမ်းသည့်နောက်ပိုင်းတွင် တရားဥပဒေစိုးမိုးရေး ပျက်စီးယိုယွင်းလာမှုနှင့်အတူ စစ်ကော်မရှင်လက်အောက်ခံအဖွဲ့ဖြစ်သည့် ရဲ၊ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က စီးပွားရေးလုပ်ငန်း ရှင်များထံ အခငွေကြေးအမြောက်အမြားယူပြီး လောင်းကစားဝိုင်းများကို ဖွင့်လှစ်ခွင့်ပေးနေသည်ဟု ဒေသခံတို့က ပြောဆိုနေသည်။