spot_img
Thursday, February 26, 2026
More
    spot_img
    Homeသတင်းချောင်းနှစ်ခွကျေးရွာ နေရပ်ပြန်လာသူများ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ တွေ့ရှိနေ

    ချောင်းနှစ်ခွကျေးရွာ နေရပ်ပြန်လာသူများ စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ တွေ့ရှိနေ

    -

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာတွင် နေရပ်ပြန်လာသူများက နေအိမ်ခြံဝန်းအတွင်း စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများ တွေ့ရှိနေကြကြောင်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလက ချောင်းနှစ်ခွ-သံပုရာ-ကြာအင်းဆိပ်ကြီး ဆက်သွယ်ရေးလမ်းပိုင်းကို စစ်ကော်မရှင်တပ်တို့က ထိန်းချုပ်တပ်စွဲလာနိုင်သည့်နောက် တိမ်းရှောင်နေသည့် ဒေသခံများ နေရပ် ပြန်လာကြရန် စတင်ခေါ်ယူနေခြင်းဖြစ်သည်။

    တိုက်ပွဲကြောင့် အခြားဒေသအသီးသီးတွင် တိမ်းရှောင်နေကြသည့် ချောင်းနှစ်ခွဒေသခံများက နေရပ်သို့ တစ်စိပ်စိပ် ပြန်ဝင်လာနေသော်လည်း နေအိမ်အချို့တွင် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများ တွေ့ရှိနေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    ပုံ-ချောင်းနှစ်ခွရွာ (ပုံဟောင်း)

    “မနေ့က ရဲစခန်းရှေ့မှာ အိမ်ကလူတွေ အိမ်ပြန်လာတော့ အိမ်ရှေ့မှာ ကြိုးတွေနဲ့ ငှက်ပျော်ဖူး (လက်နက်ကြီး) နှစ်လုံး အိမ်ရှေ့မှာ ချိတ်ထားတာ တွေ့လိုက်တယ်။ အဲတော့ အိမ်ရှင်တွေက အိမ်ပေါ် မတက်ရဲတော့၊ အိမ်ရှင်ကတော့ သက်ဆိုင်ရာတွေကို သွားအသိပေးခဲ့တာပေါ့၊ လာဖြုတ်ပေးဖို့။ လာဖြုတ်ပေးခဲ့ပြီးလား၊ မဖြုတ်ပေးသေးဘူးလားတော့ မသိသေးဘူး။ ပစ္စည်းတွေဟာ တိုက်ပွဲတုန်းက ကျန်နေခဲ့တဲ့ပစ္စည်းတွေ ဖြစ်တယ်လို့ ပြောကြတာပဲ။ ရွာမှာရှိတဲ့ စစ်သားတွေက လက်နက်ပစ္စည်း အကြွင်းအကျန်တွေကို ဖယ်ပေးသလောက်တော့ ဖယ်ပေးထားတယ်လို့ ပြောတယ်။ ကျန်သလောက် တော့ ကျန်နေနိုင်သေးတယ်ပေါ့” ဟု ပြောသည်။

    ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီးရှိ နယ်မြေရဲစခန်းနှင့် အတ္ထရံတံတားလုံခြုံရေး ဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလယ်ခန့်မှစပြီး ဒေသတွင်းတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။

    တိုက်ပွဲကာလအတွင်း စစ်ကော်မရှင်ဘက်မှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် ချောင်းနှစ်ခွကျေးရွာရှိ လူနေအိမ်များ ထိခိုက်ပျက်စီးတာတွေလည်းရှိခဲ့သည်ဟု ဆိုသည်။

    “တိုက်ပွဲတုန်းကတော့ တော်လှန်ရေးအဖွဲ့တွေက အိမ်ပေါ်ကနေ ရဲစခန်းနဲ့ စစ်တပ်တွေကို ပစ်တာ၊ စစ်တပ်တွေကလည်း အိမ်တွေဘက်ကို ပစ်လာတော့ မီးလောင်သွားတဲ့အိမ်တွေရှိသလို ပျက်စီးသွား တဲ့အိမ်တွေလည်း ရှိတယ်ပေါ့။ အဲတော့ အဲဒီပစ်ခတ်နေကြတဲ့ လက်နက်ပစ္စည်းတွေက နေအိမ် ခြံဝန်း တွေမှာ ရှိနေနိုင်တာပေါ့” ဟု ပြောသည်။

    ချောင်းနှစ်ခွဒေသတွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး၊ ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မုဒုံ–ကြာအင်းဆိပ်ကြီးကားလမ်းပေါ်ရှိ ဒါလီတံတားအပါအဝင် အတ္ထရံမြစ်ကူး ချောင်းနှစ်ခွတံတားလည်း မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။

    လက်ရှိအခြေအနေတွင် ချောင်းနှစ်ခွဒေသဘက်သို့ နေရပ်ပြန်လာသူများကို မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းပြပြီး စစ်ကော်မရှင်လက်အောက်ခံအဖွဲ့တို့က အတ္ထရံမြစ်ကို ကူးရန် ဇက်ဖြင့် ကူးပေးနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

    “ချောင်းနှစ်ခွမှာ ဇက်နဲ့ ကားကလေးတွေကို ကူးပေးနေပါပြီ။ ဒါလီတံတားကတော့ ကားတွေ သွားလာလို့ မရသေးဘူး” ဟု ပြောသည်။

    ချောင်းနှစ်ခွ-သံပုရာ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းကို စစ်ကော်မရှင်က ထိန်းချုပ်နိုင်ခဲ့သည့်နောက် လမ်းလုံခြုံရေးအတွက် စစ်ကော်မရှင်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းပြီး စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks