ထိုင်း-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်း ကို ဖွင့်လှစ်တော့မည်ဟု အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ယာဉ်မောင်းများထံမှ သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်တို့ ထိန်းချုပ်ထားသည့် ကော့ကရိတ်-မြဝတီလမ်းပိုင်းကို ပြီးခဲ့သည့် စက်တင်ဘာလလယ်ခန့်က စစ်ကော်မရှင်တပ်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးတိုက် ခိုက်လာပြီး ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အကြောင်းကို စက်တင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ လမ်းပိုင်းကို စစ်ကော်မရှင်တပ်တို့က ထိန်းချုပ်ခဲ့သည့်နောက် ပျက်စီးနေသည့် လမ်းတံတားများကို စတင်ပြုပြင်ခဲ့ပြီး ယခုတွင် ပြီးစီးနေပြီးဖြစ်သည့်အတွက် လာမည့် အောက်တိုဘာ ၁၇ ရက်နေ့တွင် ဖွင့်လှစ်တော့မည်ဟု ယာဉ်မောင်းတစ်ဦးက ပြောသည်။

“လမ်းကတော့ ၁၇ ရက်နေ့ကျရင် ဖွင့်တော့မယ်။ သူတို့တံတားဘေလီထိုးတာတွေ၊ လမ်းပြုပြင်တာတွေတော့ ပြီးစီးသလောက် ဖြစ်နေပြီ။ သိထားသလောက်ကတော့ လမ်းကတော့ အေးအေးဆေးဆေး ဖြတ်သွားလာနိုင်ပြီလို့ ပြောကြတာပဲ။ အခုတော့ ကျနော်တို့က ထို့ကော်ကိုးလမ်း ဘက် သွားလာနေကြတယ်။ ဘာတိုက်ပွဲမှ မရှိတော့ဘူး။ အေးဆေးနေပြီ” ဟု အထက်ပါ ယာဉ်မောင်း က ပြောသည်။
လက်ရှိတွင် ကော့ကရိတ်-မြဝတီကို အာရှလမ်းပိုင်းအစား ထို့ကော်ကိုးလမ်းနှင့် လမ်းဟောင်းများကိုသာ အစားထိုးအသုံးပြုနေကြရပြီး ဂိတ်ကြေးအများအပြား ပေးဆောင်နေကြရသည့်အပြင် လမ်းခရီးကြမ်းတမ်းပြီး အချိန်ကြန့်ကြာသည့်အတွက် သွားလာရေး အခက်အခဲဖြစ်နေကြသည်ဟု အခြားယာဉ်မောင်းတစ်ဦးက ပြောသည်။
“အခုလို အာရှလမ်းပြန်ဖွင့်တော့မယ်ဆိုတာကို သိတော့ ကားသမားတိုင်းက ဝမ်းသာကြတာပေါ့။ လမ်းကောင်းကောင်းနဲ့ သွားလာရတော့ ကျနော်တို့ကားသမားတွေအပါအဝင် ခရီးသွားပြည်သူတွေ လည်း သက်တောင့်သက်သာနဲ့ အချိန်မကုန်တော့ဘူး။ လမ်းကို ဘယ်သူပဲဖွင့်ဖွင့်၊ ဖွင့်ပေးတဲ့လူတွေ ကိုတော့ ကျေးဇူးတင်ရမယ်လို့ ပြောရမယ်လေ။ အခုလို တောလမ်းဘက်သွားနေရတော့ မိုးတွင်းဆို ကြမ်းတမ်းပြီး၊ နွေပိုင်းမှာလည်း လမ်းကတော့ နောက်ကားရှေ့ကားကို မမြင်ရဘူး။ ဖုန်တွေကြီးပဲဆိုတော့ ဒီလိုဆိုးတဲ့လမ်းကို ဘယ်သူက သွားချင်ပါ့မလဲ” ဟု ပြောသည်။
ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတစ်လျောက်ကို စစ်ကော်မရှင်တို့က တပ်စွဲနိုင်နေပြီ ဖြစ်ကြောင်း၊ တိုက်ပွဲအခြေအနေ ငြိမ်သက်နေကြောင်းနှင့် လမ်းဖွင့်လှစ်တော့မည်ကို တကယ်ဖြစ်နိုင်ကြောင်း ကော့ကရိတ်ဒေသရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
“အာရှလမ်းကတော့ မကြာခင် ဖွင့်လှစ်တော့မယ့် အခြေအနေ ရှိပါတယ်။ လောလောဆယ်တော့ သူတို့ပြင်ဆင်နေကြတုန်းပဲ။ သူတို့ဘက်က အင်အားပြန်စုနေတာလည်း ရှိတယ်။ အဲလမ်းပိုင်းက နေရာတော်တော်များများမှာ သူတို့တပ်စွဲနိုင်ခဲ့ပြီ။ တိုက်ပွဲကတော့ သိပ်မရှိတော့ဘူး။ ရက်ခြားတော့ တစ်ခါတော့ ဖြစ်နေတာ ရှိတယ်။ ဖွင့်လှစ်တယ်ဆိုပေမဲ့ တိုက်ပွဲကတော့ ပြန်လည်တင်းမားလာနိုင်တဲ့ အခြေအနေလည်း ရှိလာနိုင်သေးတယ်” ဟု အထက်ပါ တော်လှန်ရေးရဲဘော်က ပြောသည်။
အာရှလမ်းပိုင်းကို စစ်ကော်မရှင်တပ်တို့က ထိန်းချုပ်နိုင်ခဲ့ချိန်မှစတင်ပြီး ယနေ့ချိန်အထိ မြဝတီတောင်ပိုင်းရှိ လေးကေ့ကော်ဒေသဘက်ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် အင်အားအလုံးအရင်း ဖြင့် ဆက်လက်ထိုးစစ်ဆင်လျက်ရှိပြီး မြဝတီမြို့အခြေစိုက် ခလရ-၂၇၅ တပ်ရင်းမှလည်း လက်နက်ကြီး၊ မစ်ဆိုင်းများဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့တို့၏ ပြောပြချက်အရ သိရသည်။