လွတ်လပ်သော မွန်သတင်းအေဂျင်စီ
အောက်တိုဘာ ၈၊ ၂၀၂၅
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ ထီးခီးရွာကို ယနေ့ မနက်ပိုင်းက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားရာချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း KNU တာဝန်ရှိသူများထံမှ သိရသည်။
ယနေ့ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၉ နာရီခန့်က စစ်ကော်မရှင်မှ Y-12 လေယာဉ်ဖြင့် ထီးခီးရွာကို ဆယ်ကြိမ်ဗုံးကြဲခဲ့ပြီး စုစုပေါင်း ၁၂၀ မမ ဗုံးသီး အလုံး ၄၀ ကျော် အသုံးပြုခဲ့ကြောင်း KNU ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ထားသည်။
“ထိုင်းနယ်စပ်မျဉ်းနားမှာလည်း ဗုံးချတယ်။ ရွာသူရွာသားတွေရဲ့ နေအိမ်တွေ၊ ဆိုင်တွေ၊ ဝပ်လျှော့၊ ဆီဆိုင်တွေ၊ အကုန်လုံးပျက်စီးကုန်တယ်” ဟု မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ယနေ့ ညနေ ၄ နာရီခန့်က ပြောသည်။
ထို့နောက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်ဖြင့် ဒုတိယအကြိမ် ထပ်မံကြဲချခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားထိခိုက်မှု မရှိသော်လည်း နေအိမ်အဆောက်အဦးပျက်စီးမှု များပြားပြီး အတိအကျကို မသိရသေးကြောင်း ဆိုသည်။
“အခုပြည်သူလူထုတွေက ပြန်မလာရဲဘူး။ ထိုင်းနယ်စပ် ထိုင်းဘက်ခြမ်းမှာ ရှိနေတုန်းပဲ။ ပြည်သူလူထု မနေရဲအောင် ကြောက်ရွံ့အောင် သက်သက်ကို သူတို့(စစ်တပ်)လုပ်နေတာ” ပဒိုစောအယ်နားက ပြောသည်။ ၏
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ထီးခီးကုန်သွယ်ရေးနယ်စခန်းကို KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေတွင် တည်ရှိသော်လည်း စစ်ကော်မရှင်ကလည်း ဝင်ထွက်လှုပ်ရှားမှု ရှိခဲ့သည်။








သို့သော် ထားဝယ်ခရိုင်နှင့် နယ်နမိတ်ချင်းထိစပ်နေသည့် ထိုင်း-မြန်မာနယ်စပ် ထီးခီးကုန်သွယ်ရေး နယ်စပ် စခန်း အပါအဝင် စခန်းအားလုံးနီးပါးကို ယခုနှစ်အတွင်း ကရင်တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထား သည်။
ထိုင်း-မြန်မာနယ်စပ် ကပ်လျက်ရှိနေသည့် ထီးခီးကျေးရွာသည် အိမ်ခြေရာချီရှိပြီး လူဦးရေ ၄၀၀ ဝန်းကျင် နေထိုင် သည့် ကျေးရွာတခုဖြစ်သည်။
“ရွာမှာက ဒေသခံတွေ ရာချီလောက်ပဲ ရှိတော့တယ်။ တချို့ဆို ရွာကနေ ရှောင်နေတာ ကြာပြီးလေ။ ဒါပေမယ့် ကုန်ရောင်း ကုန်ဝယ်လုပ်နေတဲ့သူတွေအချို့တော့ အဲဒီရွာဘက်ကို အဝင်အထွက်သွားလာနေတာတော့ ရှိတယ်” ဟု ထီးခီးနယ်စပ်တွင် ကုန်သွယ်မှု ပြုလုပ်နေသည့် ဒေသခံတဦးက ပြောသည်။
ထားဝယ်ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ်တခုတည်းသာ စစ်ကော်မရှင်၏ထိန်းချုပ်မှုအောက် ကျန်ရှိနေသည့် နတ်အိမ်တောင်စခန်းဘက်ကို စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် စစ်ကူဖြည့်တင်းနိုင်ရေးနှင့် နယ်မြေစိုးမိုးမှု ပြန်လည် ရရှိရေးအတွက် စစ်ကြောင်းထိုးနေသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့် ကရင်တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲမကြာမကြာ ဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုများနှင့် အရှင်ဖမ်းဆီးခံရမှုများ ရှိနေကြောင်း တော်လှန်ရေးတပ်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
“ရှိသမျှနယ်စပ်ဂိတ်ကို တော်လှန်ရေးဘက်က ထိန်းထားတဲ့အခါကျတော့ ဒီနယ်မြေတွေ ဒီရွေးကောက်ပွဲအမှီ ပြန်ရယူချင်တဲ့သဘောနဲ့ ထိုးစစ်တွေ တောက်လျှောက် လုပ်နေတယ်။ သူတို့ဝင်လာတိုင်း ဒီဘက် ကြားဖြတ်တိုက် အကျအဆုံးများနေတာ ဘယ်လိုမှ ဝင်မရနေဘူး။ အဲဒါကြောင့်မို့လို့ပဲ လေယာဉ်တွေနဲ့ ဗုံးလိုက်ကြဲတာ ထင်တယ်” ဟု တနင်္သာတိုင်းအတွင်း စစ်ရေးအခြေအနေ သိရှိသူတဦးက ပြောသည်။
ဗုံးကြဲခံသည့် ထီးခီးရွာတွင် ယနေ့ ညနေပိုင်း၌ စစ်ကော်မရှင်ဘက်က ထပ်မံတိုက်ခိုက်ခြင်းမရှိသော်လည်း ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအားလုံး နေရပ်ကို မပြန်လာကြရဲသေးကြောင်း သိရသည်။
စစ်ကော်မရှင် လေယာဉ်ဗုံးကြဲမှုကြောင့် ထီးခီးနယ်စပ်-ထိုင်းနိုင်ငံဘက်ခြမ်းတွင် ကျရောက်ပေါက်ကွဲမှု မရှိသော်လည်း ထိုင်းစစ်တပ်ဘက်က လုံခြုံရေးမြင့်တင်ထားကာ အနီးကပ်စောင့်ကြည့်နေသည်ဟု ထိုင်းသတင်းဌာနများက ရေးသားကြသည်။
ဓာတ်ပုံ – စစ်တပ် လေယာဉ်ဗုံးကြဲမှုကြောင့် ထိုင်းဘက်သို့ ထွက်ပြေးသည့် ထီးခီးဒေသခံများနှင့် ဗုံးကြဲခံရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေ
ပုံခရက်တစ် – ကန်ချနပူရီသတင်း၊ ကေအဲန်ယူ