စစ်ကော်မရှင်၏ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးဝန်ထမ်းများ အရေအတွက်နည်းပါးလာနေပြီး လစ်လပ်နေသည့်စာသင်ကျောင်းများအတွင်း အစားထိုးခန့်ထားနိုင်ခြင်းမရှိသဖြင့် ရာထူးတို့ပြောင်းရွှေ့ကိစ္စလျှောက်ထားခြင်းကို တစ်နှစ်နှစ်ကြိမ် ပြုလုပ်လာရကြောင်း ပညာရေးဝန်ထမ်းနှင့်နီးစပ်သူများက ပြောသည်။
ပညာရေးဝန်ထမ်းများအား တစ်နှစ်လျှင် ရာထူးတိုး၊ ပြောင်းရွှေ့ကိစ္စရပ်များကို မေလနှင့်အောက်တိုဘာလတွင် နှစ်ကြိမ်ပြုလုပ်သွားမည်ဟု စစ်ကော်မရှင်၏ ပညာရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် စက်တင်ဘာ ၂၉ နှင့် ၃၀ ရက်နေ့တွင် ပြုလုပ်သည့် ပညာရေးနှင့်မူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားတွင် ပြောဆိုထားသည်။
ပဋိပက္ခဖြစ်ပွားလေ့ရှိသည့်ဒေသများအတွင်းရှိ စာသင်ကျောင်းများတွင် ကျောင်းပိတ်ထားရသည့် အခြေအနေတွင်ရှိနေပြီး အဆိုပါကျောင်းမှ ဆရာ၊ဆရာမများကို ဝန်ထမ်းလစ်လပ်ဖြစ်နေသည့် အခြားကျောင်းများသို့ ချိတ်ဆက်ပေးနိုင်ရန် အပြောင်းအရွှေ့ကိစ္စများကိုပိုမိုလုပ်ဆောင်လာရကြောင်း ရေးမှ ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“အပြောင်းအရွှေ့ခွင့်ကိုထပ်တိုးရတာပေါ့။ ဘာလို့ဆို နယ်မြေမတည်ငြိမ်တဲ့ဒေသကို ဆရာမတွေပြောင်းလာကြတာမျိုးမရှိဘူး၊ ထွက်ခွင့်ပဲလျှောက်ကြတာများတယ်ဆ၊ရာမ မလုံလောက်မှုဖြစ်နေတယ်။ အချို့ကလျှောက်ထားကြတာပဲ။ သူတို့လည်းမပေးပြောင်းဘူး၊ ပဋိပက္ခဖြစ်ထားတဲ့နေရာမှာဆို ပိတ်ကျောင်းဖြစ်နေတယ် အခြားဖွင့်ကျောင်းနဲ့ချိတ်ပြောင်းပေးတယ် ” ဟု ပြောသည်။
မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ စစ်ကော်မရှင်စာသင်ကျောင်းများတွင် စစ်အာဏာသိမ်းမှုကြောင့် CDM ပြုလုပ်ထားသည့် ဝန်ထမ်းနေရာများကို အစားထိုးမခန့်အပ်နိုင်သဖြင့် စာသင်နှစ်တိုင်း လည်ပတ်ရန် ခက်ခဲရှိနေကြောင်းလည်း ဆိုသည်။
CDM ပညာရေးဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်ရန် ကျောင်းပြောင်းရွှေ့လျှောက်ထားခြင်း၊ ရာထူးတိုးပေးခြင်း၊ လစာတိုးပေးခြင်းတို့ဖြင့် ယခုရက်ပိုင်းအတွင်း မက်လုံးပေးစည်းရုံးခြင်း ဖြစ်နိုင်ကြောင်းလည်း ပညာရေးဝန်ထမ်းနှင့် နီးစပ်သူအချို့က သုံးသပ်လျှက်ရှိသည်။
လတ်တလောတွင် ဝန်ထမ်းလိုအပ်ချက်အရ ဆရာ၊ဆရာမများကို ကျောင်းအုပ်ရာထူးသို့ ခန့်အပ်ပေးခြင်း၊ ကျေးလက်ဒေသအတွင်း တာဝန်ထန်းဆောင်နေသူများကို မြို့(သို့မဟုတ်)တိုက်နယ် အထက်တန်းကျောင်းဘက်သို့ ပြောင်းရွှေ့နိုင်သည့် အခွင့်အရေးပေးလာသည်ဟု မွန်-ကရင် နယ်စပ်ဒေသအတွင်း တာဝန်ထမ်းဆောင်နေသည့် ညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
“ သူတို့ကမက်လုံးပေးနေတာပဲ။ ဒီနှစ်ဆို ဆရာမတွေတော်တော် များများတိုးလာတယ်။ ကျေးလက်က ရွာငယ်လေးကျောင်းတွေ၊ ကရင်ရွာဘက်မှာသင်နေတဲ့ မူလတန်း ကျောင်းကဆရာမတွေ တော်တော်များများ ဒီကော့ဘိန်းဘက်ပြောင်းရွှေ့ပေးတယ်။ ရွာကကျောင်းဆိုရင် ဘွဲ့မရသေးတာရှိတယ်သင်တန်းခေါ်လျှောက်ပြီး အစားထိုးခန့်ထားတယ်” ဟု ပြောသည်။
လက်ရှိ ကော့ဘိန်းအထက်တန်းကျောင်းတွင် ပြောင်းရွှေ့လာသည့် ဆရာ၊ဆရာမများ ဆယ်ဦးထက်မနည်းရှိလာသည့်အတွက် စာသင်ခန်းတိုင်းတွင် ဆရာ၊ဆရာမဦးရေ လုံလောက်လာကြောင်းလည်း ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း စစ်ကော်မရှင်မှ နိုင်ငံဝန်ထမ်းများနှင့် တပ်မတော်( ကြည်း၊ ရေ၊ လေ)ဝန်ထမ်းများအား ထောက်ပံ့ပေးနေသည့် အပိုထောက်ပံ့ကြေးတစ်လလျှင်ကျပ် ၆၀၀၀၀ ကျပ်အပြင် နောက်ထပ် ၃၀၀၀၀ ကျပ် ကိုလည်း ထပ်တိုး ခံစားခွင့်ရမည်ဖြစ်ကြောင်းလည်း ကြေညာထားသေးသည်။
စစ်ကော်မရှင် ကျင်းပမည့်ရွေးကောက်ပွဲတွင် နယ်မြေပြန်လည်ရရှိရေး၊ နယ်မြေရှင်းလင်းရေးတို့ကို ဆက်တိုက်လုပ်ဆောင်နေသည့်အပြင်၊ တစ်ဖက်တွင်လည်းယင်းတို့၏ ဌာနဆိုင်ရာအသီးအသီး လည်ပတ် နိုင်ရေးအတွက် ဝန်ထမ်းအင်အားများကို စုစည်းလျှက်ရှိသည်။


