spot_img
Saturday, October 4, 2025
More
    spot_img
    Homeသတင်းအိမ်နီးချင်းနိုင်ငံအချို့ စစ်ကော်မရှင် ရွေးကောက်ပွဲကို ကူညီနေ

    အိမ်နီးချင်းနိုင်ငံအချို့ စစ်ကော်မရှင် ရွေးကောက်ပွဲကို ကူညီနေ

    -

    စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အိမ်နီးချင်း နိုင်ငံများဖြစ်သော အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ ရုရှား စသည့် နိုင်ငံများထံက ငွေကြေးနှင့် အခြားသော အကူအညီအထောက်အပံ့များ ရရှိနေသည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

    ပြီးခဲ့သည့် သီတင်းပတ်မှာ အိန္ဒိယနိုင်ငံက စစ်ကော်မရှင်ကို ဒေါ်လာ သန်း ၄၀၀ ထောက်ပံ့ပြီး နောက်ထပ် ဒေါ်လာ သန်း ၇၅၀ ကိုလည်း အတိုးနှုန်းနည်းနည်းဖြင့် ထပ်မံချေးပေးလိုက်ကြောင်း၊ ဒါကြောင့် ရွေးကောက်ပွဲ ကျင်းပရေးနှင့် ပတ်သက်ပြီး စစ်ကော်မရှင်ကို သွယ်ဝိုက်၍ ကူညီထောက်ပံ့နေခြင်းဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကြီးမြင့်က ပြောသည်။

    “အိန္ဒိယက သန်း ၄၀၀ ထောက်ပံ့မှာ ထောက်ပံ့မှာနော်။ ချေးတာမဟုတ်ဘူး ဒေါ်လာ သန်း ၄၀၀ ထောက်ပံ့မှာ ဒေါ်လာ သန်း ၇၅၀ ကို အတိုးနှုန်း နည်းနည်းနဲ့ ချေးမှာ ချေးမယ်ဆိုတာက ရွေးကောက်ပွဲအတွက်ပေါ့ ဆိုတော့ အိန္ဒိယရယ်၊ တရုတ်ရယ်၊ ရုရှားရယ်၊ အဲဒါတွေက ထောက်ပံ့တယ် ထိုင်းကလည်းပဲ KNU ဘက်မှာ ကုန်သွယ်ရေးလမ်းကြောင်းတွေ ဖွင့်ချင်တော့ အဲဒါမျိုးတွေပေါ့၊ စောချစ်သူက ရွေးကောက်ပွဲတွေဖြစ်အောင် လုပ်မယ်ဘာတွေပြောပြီးတော့ ဆိုတော့ အခုကတော့ ဖြစ်သွားမှာပဲ” ဟု ပြောသည်။

    စစ်ကော်မရှင်၏ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးလိုသူများကို ထိခိုက်နစ်နာမှု မရှိစေရန် အဖွဲ့စုံပူးပေါင်းမှုဖြင့် ကာကွယ်စောင့်ရှောက်သွားမည်ဟု ကရင်လက်နက်ကိုင်အဖွဲ့ (၃) ဖွဲ့ဖြစ်သော ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ်(BGF/KNA) နှင့် ကရင် ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC) တို့မှ စက်တင်ဘာ ၂၈ ရက်နေ့က ပူးပေါင်းထုတ်ပြန်ထားသည်။

    ၎င်းပြင် စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်လ အစောပိုင်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့ပြီးနောက် စက်တင်ဘာ နောက်ဆုံးအပတ်မှာ ရုရှားနိုင်ငံသို့ ထပ်မံ သွားရောက်ခဲ့သည်။

    အဆိုပါ ခရီးစဉ်များအတွင်း စစ်ကော်မရှင်သည် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အထောက်အပံ့များ ရနိုင်သလို စီးပွားရေး၊ စစ်ရေးနှင့် ပတ်သက်၍လည်း အကူအညီများ ရနိုင်သည်ဟု သုံးသပ်ကြသည်။

    သို့သော်လည်း စစ်ကော်မရှင်သည် နိုင်ငံတကာ၏ အကူအညီ အထောက်အပံ့များ မည်မျှပင်ရရှိနေပါစေ ၎င်းတို့အတွက် ထွက်ပေါက်မရှိနိုင်ကြောင်း၊ နိုင်ငံအချို့၏ အကူအညီရနေသော်လည်း ပြည်သူလူထုက ထောက်ခံမှာ မဟုတ်ကြောင်း တရုတ် – မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    “ရွေးကောက်ပွဲအတွက်ကတော့ တရုတ်ပဲဖြစ်ဖြစ် အိန္ဒိယပဲဖြစ်ဖြစ် တိုက်တိုက်တွန်းတွန်း လုပ်နေတာတော့ ရှိတယ်။ ရွေးကောက်ပွဲက ဖြစ်ကောင်းလည်း ဖြစ်နိုင်တယ်။ သို့သော်လည်း ပြည်သူလူထုက ထောက်ခံမယ်လို့ မထင်ဘူး။ နိုင်ငံတကာက လက်ခံနိုင်တဲ့ အဆင့်လည်း ရှိမှာမဟုတ်ဘူး။ အဲတော့ နောက် စကစတို့က ဘယ်နိုင်ငံကူကူပါ သူတို့ ထွက်ပေါက် မရှိနိုင်ဘူး။ တော်တော်အခြေအနေ ဆိုးပါလိမ့်မယ်။ သူတို့ ဟန်တွေ ပန်တွေ လုပ်နေတာပါ။ ရွေးကောက်ပွဲဖြစ်လည်း ထိုက်ထိုက်တန်တန် လူမြင်ကောင်းတဲ့ ရွေးကောက်ပွဲ ဖြစ်လာစရာအကြောင်း မရှိပါဘူး။ ရွေးကောက်ပွဲဖြစ်ဖို့ ငြိမ်းချမ်းရေးပဲဖြစ်ဖြစ် စစ်အစိုးရက တောက်လျှောက် လှည့်စားမှုမျိုးနဲ့ သုံးလာတာချည်းပဲ အခုမှ မဟုတ်ဘူး အခုကလည်း ဘယ်သူမှ စိတ်မဝင်စားပါဘူး” ဟု ပြောသည်။

    ကမ္ဘာ့အင်အားကြီး နိုင်ငံများဖြစ်သည့် ရုရှား၊ တရုတ်၊ အိန္ဒိယတို့အပါအဝင် ဘယ်လာရုစ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် လာအို စသည့် နိုင်ငံများက စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲကို စောင့်ကြည့်ကြမှာ ဖြစ်ကြောင်း သိရသည်။

    တဖက်မှာလည်း အနောက်နိုင်ငံအချို့နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့၊ ပြည်သူလူထုတို့၏ သဘောထားကို ထောက်ခံပြီး ရွေးကောက်ပွဲကို တရားမဝင်ဟု ပြောကြားထားသည်။

    လာမည့် ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်သည် ပထမပိုင်း ရွေးကောက်ပွဲကို ကျင်းပသွားမည်ဟု ပြောဆိုထားပြီး လက်ရှိတွင်လည်း ၎င်းတို့ အရေးနိမ့် ဆုတ်ခွာခဲ့ရသော မြို့များကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက် ရှိနေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,200SubscribersSubscribe
    spot_img

    Latest posts