spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းသာယာဝတီထောင်က လွတ်ရက်စေ့ပြီး လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦး ပြန်အဖမ်းခံရ

    သာယာဝတီထောင်က လွတ်ရက်စေ့ပြီး လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦး ပြန်အဖမ်းခံရ

    -

    ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၅ ဦးကို စစ်ကော်မရှင်တပ်က နောက်အမှုများတပ်ကာ ပြည်လည်ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။

    သာယာဝတီအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၁၆ ဦးနှင့် အခြားအကျဉ်းသား ၁၄ ဦး စုစုပေါင်း ၃၀ ဦးသည် လွတ်ရက်စေ့သဖြင့် အောက်တိုဘာလ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့သည်။

    ထိုပြန်လည် လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား ၁၆ ဦးအနက်မှ နိုင်ငံရေးအကျဉ်းသား ၆ ဦးကို ထောင်ဗူးဝ၌ပင် ရဲကားဖြင့် သာယာဝတီရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု PPNM က ထုတ်ပြန်ထားသည်။

    ပြန်လည်ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၆ ဦးအနက် နိုင်ငံရေးအကျဉ်းသား ၁ ဦးသာ လွတ်လာပြီး ကျန်နိုင်ငံရေးအကျဉ်းသား ၅ ဦးကိုတော့ နောက်အမှုများဖြင့် ဖမ်းဆီးပြီး သာယာဝတီအကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

    ပြန်လည် ဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားများသည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) များဖြင့် သာယာဝတီအကျဉ်းထောင်တွင် ထောင်ဒဏ် ကျခံပြီး လွတ်ရက်စေ့ဖြင့် လွတ်မြောက်လာကြသူများ ဖြစ်သည်။

    ပြန်လည်ဖမ်းဆီးခံရသူ ၅ ဦးကို အကြမ်းဖက်ပုဒ်မ ၅၂ ဖြင့် ထပ်မံတရားစွဲဆိုရန် စစ်ကော်မရှင်က ပြင်ဆင်လျက်ရှိကြောင်း PPNM က စုံစမ်းသိရှိထားသည်ဟုလည်း PPNM က ပြောဆိုထားသည်။

    ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို မဟုတ်မမှန်သည့် စွပ်စွဲမှုများဖြင့် အကြမ်းဖက်ပုဒ်မများတပ်ကာ ပြန်လည်ဖမ်းဆီးခြင်းသည် အပြစ်မဲ့သူများ၏ လူ့အခွင့်အရေးကို ထိခိုက်စေသည့်အတွက် PPNM အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်သည်။

    ၂၀၂၅ ခုနှစ်အတွင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် လွတ်ရက်စေ့ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို စစ်ကော်မရှင်က ပြန်လည်ဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု PPNM က ဆိုသည်။

    နိုင်ငံရေးအကျဉ်းသားများအပေါ် စစ်ကော်မရှင်က လူ့အခွင့်အရေးချိုးဖောက်မှုများ ပေါ်ပေါ်တင်တင် ပြုလုပ်နေခြင်းကို လူအခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် စောင့်ကြည့်မှုများ ပြုလုပ်ကြရန်လည်း PPNM က တိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks