Friday, April 3, 2026
More
    spot_img
    Homeသတင်းချောင်းနှစ်ခွ-သံပုရာလမ်းပိုင်းကို စစ်ကော်မရှင်တပ် ထိန်းချုပ်ပြီး ဒေသခံများကို နေရပ်ပြန်ရန် ပြော

    ချောင်းနှစ်ခွ-သံပုရာလမ်းပိုင်းကို စစ်ကော်မရှင်တပ် ထိန်းချုပ်ပြီး ဒေသခံများကို နေရပ်ပြန်ရန် ပြော

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့် ချောင်းနှစ်ခွ-သံပုရာလမ်းပိုင်းကို စစ်ကော်မရှင်တပ် ထိန်းချုပ်လိုက်ပြီးနောက် စစ်ရှောင်ပြည်သူများ နေရပ်ပြန်လာရန် ပြောဆိုကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ချောင်းနှစ်ခွရွာတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ် စစ်ကြောင်းနှင့် ကြာအင်းဆိပ်ကြီးမြို့မှ စစ်ကြောင်းတို့က စက်တင်ဘာလလယ်ခန့်ကစပြီး သံပုရာကျေးရွာဘက် စစ်ကြောင်းထိုးဝင်လာခဲ့ရာမှ ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

    တိုက်ပွဲအတွင်း လက်နက်ကြီး၊ ဒရုန်းများဖြင့် အပြန်အလှန်ပစ်ခတ်နေခြင်းကြောင့် ဒေသခံများ ကြောက်လန့်ကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

    လက်ရှိတွင် ချောင်းနှစ်ခွ-သံပုရာလမ်းပိုင်းကနေ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဆုတ်ခွာထားသည့်အတွက် လမ်းတလျှောက်တွင် စစ်ကော်မရှင်တပ်များ ဝင်ရောက်တပ်စွဲထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံများကို နေရပ်ပြန်လာကြရန် ပြောဆိုလာသည်ဟု သံပုရာကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေသူအမျိုးသား တစ်ဦးက ပြောသည်။

    “သံပုရာဘက်ကလူတွေတော့ တော်တော်များများ ပြန်လာနေကြပြီ။ အခြေအနေက ငြိမ်လာတော့လေ။ သူတို့(စစ်ကော်မရှင်တပ်) က ရွာနားမှာပဲ ရှိနေတယ်။ ဒါလီတံတားကလည်း သူတို့ ပြင်ဆင်နေတုန်းလို့ ကြားမိတယ်။ ချောင်းနှစ်ခွဘက်ကလူတွေလည်း ရွာပြန်ဝင်နေကြပြီ” ဟု အထက်ပါအမျိုးသားက ပြောသည်။

    တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအနေဖြင့် နေရပ်ပြန်ပါက မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ပြပေးရမည်ဖြစ်ပြီး တိမ်းရှောင်နေရသည့် ချောင်းနှစ်ခွရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

    “ဝင်လာတဲ့လူတွေလည်း ဝင်လာနေပြီ။ ကျန်တဲ့လူတွေလည်း ကျန်နေသေးတယ်။ ဒါပေမဲ့ အမတို့ဘက်ကလူတွေတော့ အကုန်လုံးနီးပါးက ထိုင်းရောက်ကုန်ပြီလေ။ ဘယ်မှာပဲ ရှိနေတာဖြစ်ဖြစ်ပေါ့။ ရွာကိုပြန်ဝင်ရင် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်ပြပေးရတယ်။ အခုက တံတားမပြင်ဆင်ရသေးတော့ သူတို့က လှေတွေနဲ့ သွားကူးပေးတယ်။ ဇာတ်မလာသေးလို့ ပြောတာပဲ” ဟု အထက်ပါတိမ်းရှောင်နေသည့် အမျိုးသမီးက ပြောသည်။

    လက်ရှိတွင် သံပုရာကျေးရွာအနီးရှိ ဘုရားကုန်းကျေးရွာမှ ချောင်းနှစ်ခွကျေးရွာအထိကို စစ်ကော်မရှင်တပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တို့ ပူးပေါင်းပြီး တပ်စွဲကာ စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်လာကြောင်း ဆိုသည်။

    ချောင်းနှစ်ခွတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်း စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ချောင်းနှစ်ခွရွာကို စစ်ကော်မရှင်တပ်က ထိန်းချုပ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks