စစ်ရေးအရှိန်မြှင့်နေသည့် စစ်ကော်မရှင်တပ်က အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်း တိုက်ခိုက်မှုများကို အရှိန်မြှင့် လုပ်ဆောင်လာနိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များက ဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ အားကောင်းသည့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဘက်တွင် စစ်ကော်မရှင်က ယခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် လုပ်ဆောင်လျက်သည်။
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ထိန်းချုပ်ထားသည့် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို စစ်ကော်မရှင်က စက်တင်ဘာလ ၂၉ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “ဒီစစ်ကော်မရှင်တပ်က ကျွန်တော်တို့ ကချင်ပြည်နယ်မှာတင် မကပါဘူး။ အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်နေတာ။ ပြည်သူတွေအနေနဲ့ကတော့ ဒီလေကြောင်းရန်ကို အထူးသတိပြုဖို့ လိုပါတယ်။ လေကြောင်းဆိုင်ရာ အကာအကွယ်တွေ ယူကြဖို့ကိုလည်း ကျွန်တော်တို့ အမြဲနှိုးဆော်နေပါတယ်။” ဟု ဆိုသည်။
အလားတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုအပြင် အဆင်မြင့်နည်းပညာသုံး ဒရုန်းများကိုပါ အသုံးပြု တိုက်ခိုက်လာနိုင်သည့်အတွက် ပြည်သူများ လုံခြုံရေးသတိရှိကြရန် TNLA က တိုက်တွန်းထားသည်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “တိုက်ပွဲက မြို့နဲ့နီးလာတဲ့အမျှ စစ်ကောင်စီက လက်နက်ကြီးနဲ့ သော်လည်းကောင်း၊ လေကြောင်းကနေသော်လည်းကောင်း ဒရုန်းကနေတစ်ဆင့် ဗုံးကြဲတာတွေ လုပ်ဆောင်လာ နိုင်ပါတယ်။ လူထုတွေအနေနဲ့ကတော့ စစ်ရေးသတိ၊ လုံခြုံရေးသတိ အမြဲရှိဖို့တော့ လိုအပ်ပါတယ်။” ဟု ဆိုသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ကပင် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ပေါ်ကို စစ်ကော်မရှင်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီး ၂ ဦးသေဆုံးကာ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၎င်းပြင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက စာသင်ကျောင်းတစ်ကျောင်းကိုလည်း စစ်ကော်မရှင်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၁၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
မြေပြင်တိုက်ပွဲများတွင် အကျအဆုံးများသည့် စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့၊ ရွာများရှိ စာသင်ကျောင်း၊ စျေး၊ ဆေးရုံ၊ ဆေးခန်းနှင့် ဘုန်းကြီးကျောင်းများအပြင် လူစုလူဝေးရှိသည်ဟု ယူဆရသော နေရာများကို နေ့ညအချိန်မရွေး လေကြောင်း ရေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက် ရှိသည်ဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။
ပြည်သူလူထုများအနေဖြင့် စစ်ကော်မရှင်၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးအန္တရာယ်များကို ယခင်ကထက် ပိုမိုသတိထားကြရန် အာရက္ခတပ်တော် AA က သတိပေးထုတ်ပြန်ထားသည်။
မြန်မာစစ်တပ်အနေဖြင့် စစ်ရေးပစ်မှတ်များအပြင် အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်နေရခြင်းမှာ အကြောက်တရားရိုက်သွင်းခြင်း ဖြစ်ကြောင်း လေတပ် CDM များက ထောက်ပြကြသည်။
လေတပ် CDM တပ်ကြပ်ကြီး နေလင်းအောင်က “စစ်တပ်က သူတို့ဗုံးကြဲတဲ့နေရာမှာ ဘာရှိလဲဆိုတာကို သိပါတယ်။ အဓိကကတော့ သူတို့ကို ဆန့်ကျင်တဲ့ တော်လှန်ရေးတပ်တွေနေရာမှာရှိတဲ့ ကျောင်းဆိုရင်တောင် မင်းတို့ကလေးတွေကိုပါ မချန်ဘူးဆိုတဲ့ Message ကို ပေးတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ အကြောက်တရား ရိုက်သွင်းတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။” ဟု မှတ်ချက်ပေးသည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ စစ်ကော်မရှင်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ၈၃ ကြိမ်လုပ်ဆောင်ခဲ့ပြီး အရပ်သား ၇၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။