လေးကေ့ကော်ဒေသကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် စစ်ကော်မရှင်တပ်က ကရင်နယ်ခြားစောင့်တပ် (BGF/KNA) အကူအညီများ ရယူနေသော်လည်း သိမ်းပိုက်နိုင်ခြင်း မရှိသေးဘဲ လက်နက်ကြီးအပါအဝင် အဆင့်မြင့်ဒရုန်းများစွာ အသုံးပြုတိုက်ခိုက်နေဆဲဖြစ်ကြောင်း မြေပြင်တော်လှန်ရေး တပ်များထံမှ သိရသည်။
မြဝတီမြို့တောင်ဘက် ၉ မိုင်အကွာတွင် ရှိသည့် လေးကေ့ကော်ဒေသကို စက်တင်ဘာလ ၂၁ ရက်နေ့မတိုင်ခင် ကတည်းက အင်အားရာချီဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲပြီး ယင်းနယ်မြေတဝိုက်ည စိုးမိုးနိုင်ရေး ကြိုးပမ်းခဲ့သည်။
စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးပူးပေါင်းတပ်များ၏ ကြားဖြတ်တိုက်ခိုက်မှု မခံရနိုင်ရေးအတွက် အဆင့်မြင့်ဒရုန်းများ အသုံးပြုပြီး ထောက်လှမ်းခြင်း၊ ဗုံးသီးချခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီးမှသာ စစ်ကြောင်းထိုးဝင်လာသည့် နည်းဗျူဟာကို အသုံးပြုနေခြင်း ဖြစ်သည်။
သို့သော်လည်း စစ်ကြောင်းထိုးဝင်လာသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်များ အကောင်းဆုံး ခုခံကာကွယ်တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ယနေ့အထိ ရှေ့ဆက်တိုးနိုင်ခြင်း မရှိဘဲ အချို့စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာမှု ရှိနေသည်ဟု မြေပြင်တော်လှန်ရေးရဲဘော်တဦးက ပြောသည်။

“တကယ်ကျတော့ သူတို့က ဒရုန်းအားသာချက်ကို ရယူထားနိုင်တယ်။ ဒါတောင် စစ်ကြောင်းမှာ မြေပြင် အခြေအနေကို ကောင်းကောင်းသိနေတဲ့ KNA/BGF တို့ ပါနေတာတောင် ရှေ့မတိုးနိုင်ဘူး။ လက်နက်ကြီးနဲ့ ဒရုန်းချနေတာကလွဲရင် ပြီးခဲ့တဲ့ရက်တွေထဲဆို သူတို့ စစ်ကြောင်းတချို့ ပြန်ဆုတ်သွားတာရှိတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ စစ်အုပ်စုသည် မြဝတီမြို့အခြေစိုက် တပ်ရင်းများမှ နေထိုင်ပြီး နည်းပညာမြင့် UAV ကင်းထောက် ဒရုန်းများ အသုံးပြုပြီး တော်လှန်ရေး ပူးပေါင်းတပ်များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ပြီး မစ်ဇိုင်း၊ လက်နက်ကြီးအပါအဝင် အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။
စစ်အုပ်စု ပစ်ခတ်တိုက်ခိုက်မှုများသည် တော်လှန်ရေးပူးပေါင်းများကို ထိခိုက်မှု မရှိနေဘဲ အရပ်သားများ၏ နေအိမ်၊ ဘာသာရေးအဆောက်အဦးနှင့် စာသင်ကျောင်းများပေါ် ကျရောက်ပေါက်ကွဲခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း ဖလူးလေးကျေးရွာတွင် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းတို့ကို စစ်အုပ်စုက အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
“သူတို့က ရွာတွေထဲကို လာပစ်ပစ်နေတာ။ ရွာထဲမှာ လူတွေ မနေလို့ပေါ့။ ကြဲတဲ့နေရာဆို စာသင်ကျောင်းတို့လို ဘုန်းကြီးကျောင်းတို့လိုကို လာကြဲနေတယ်။ တကယ်လို့ ကလေးတွေ စာသင်နေရင် ဘယ်လိုလုပ်မလဲ။ အကုန် ထိမှာပေါ့။ သူတို့က သိသိကြီးနဲ့ ရွာထဲမှာ မနေရဲအောင် မနေအောင် ကြောက်အောင် လုပ်နေကြတာ” ဟု မြဝတီမြို့ပေါ်တွင် စစ်ရှောင်နေသည့် လေးကေ့ကော်ဒေသခံတဦးက ပြောသည်။
ယခုလို နှစ်ဖက်တိုက်ပွဲနှင့် စစ်ရေးပဋိပက္ခများကြောင့် မြဝတီမြို့တောင်ဘက်တွင် ဒေသခံပြည်သူထောင်ချီ စစ်ဘေးရှောင်နေရပြီး နေထိုင်စားသောက်ရေး လိုအပ်ချက် ရှိနေတယ်လို့ ၎င်းက ဆက်ပြောသည်။
လတ်တလော လိုအပ်သည့် အကူအညီအများကို KNU အပါအဝင် စေတနာအလှူရှင်အဖွဲ့များ၏ ပံ့ပိုးကူညီများဖြင့် ဖြေရှင်းလို့ ရနိုင်သော်လည်း ရှေ့ဆက် စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့် ကြုံတွေ့လာရနိုင်ကြောင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။
“KNU တို့လို အဖွဲ့တွေ၊ အလှူရှင်တချို့က ကူညီပေးနေတော့ နည်းနည်းတောင့်ခံနိုင်သေးတယ်ပေါ့။ ပြီးတော့ လူဦးရေ အရမ်းများတယ်။ အခုဆို တောထဲတို့ သောင်းရင်းမြစ်နားမှာ ဖြစ်သလို တာလပတ်နဲ့ မိုးပြီး နေနေရတဲ့သူတွေ အများကြီးရှိနေတယ်။ ဒါတောင် ကျွန်မတို့နဲ့ အဆက်အသွယ်မရတဲ့ သူတွေ ဘယ်မှာ ရှောင်နေကြလဲ။ အဲဒီလိုလူတွေ ရှိသေးတယ်။ ဒီပဋိပက္ခကြားမှာ လူထုတွေရဲ့ ခက်ခဲကြပ်တည်းမှုက ပိုဆိုးလာမယ်” ဟု ကရင်စစ်ဘေးရှောင်ကူညီနေသူတဦးက ပြောသည်။
တဖက်မှာလည်း စစ်ကော်မရှင်သည် မြဝတီမြို့အပါအဝင် ကော့ကရိတ်-အာရှလမ်းမကြီး အလုံးစုံထိန်းချုပ်နိုင် ရေးနှင့် ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းနေသည့်အတွက် နှစ်ဖက်စစ်ရေးသည် ပိုမိုဆိုးရွားလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် အာရှလမ်းမကြီးတလျှောက်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေရသည့်ဒေသခံများ ယနေ့အထိ နေရပ်ပြန်မလာရဲသေးကြောင်း သိရသည်။
လက်ရှိ မြဝတီမြို့တောင်ဘက်တိုက်ပွဲအတွင်း စစ်အုပ်စုနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက် ပစ်ခတ်မှု ငြိမ်သက်နေသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းတိုက်ပွဲအတွင်း စစ်အုပ်စုဘက်က အထိအခိုက် အကျအဆုံးများခဲ့ကြောင်း တိုက်ပွဲဦးဆောင်သူအချို့က လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြောထားသည်။