စစ်ကော်မရှင်က ရွေးကောက်ပွဲအတွက် ရပ်ကွက်၊ ကျေးရွာအသီးသီးတွင် ကပ်ထားသည့် မဲစာရင်းကို ပြည်သူများ စိတ်ဝင်စားမှု မရှိကြကြောင်း သိရသည်။
လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပဲပေးပိုင်ခွင့်ရှိသူများ စာရင်းကို စစ်ကော်မရှင်က စက်တင်ဘာလ ၃၀ ရက်နေ့ကနေ အောက်တိုဘာလ ၁၃ ရက်နေ့အထိ ကပ်ထားမည်ဟု ကြေညာထားသည်။
ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ကပ်ထားသည့် မဲစာရင်းများကို လာရောက်ကြည့်ရှုကြရန် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့က မော်တော်ယာဉ်ဖြင့် လိုက်လံ အသိပေး နှိုးဆော်နေသော်လည်း မဲစာရင်းကို သွားရောက်ကြည့်ရှုသူ မရှိဟု ဘားအံမြို့မှ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

“ပြီးခဲ့တဲ့လကလည်း မဲထည့်စမ်းသပ်မှုလုပ်ဖို့ အုပ်ချုပ်ရေးမှူးရုံးတွေကို တစ်အိမ်တစ်ယောက်သွားရမယ်လို့လည်း အရင်က ကြေညာထားပြီပြီး။ အခုလည်း မဲစာရင်းတွေကပ်ထားပြီးတော့ ကိုယ်အိမ်ထောင်စုမှာရှိတဲ့လူတွေနဲ့ ကပ်ထားတဲ့မဲစာရင်းတွေ မှန်၊ မမှန် သွားကြည့်ကြဖို့လည်း လိုက်လံအော်နေတာ ရှိတယ်။ ဒါပေမဲ့ သွားကြည့်တဲ့လူတွေက မတွေ့ရဘူး။ သူတို့ပြောထားတာက တစ်အိမ်ကိုတစ်ယောက် မဖြစ်မနေ သွားကြည့်ရမယ်။ ကျနော်တို့က မသွားရသေးဘူး။ မဲစာရင်းထပ်သွားလား၊ မဲစာရင်းမှာ ကိုယ်နာမည်ပါမပါလားဆိုတာက ဘယ်သူမှ စိတ်မဝင်စားနေဘူး။ ကိုယ်နာမည်ပါသွားလို့ မဖြစ်မနေ မဲသွားထည့်ရမယ်ဆိုရင်လည်း သွားထည့်ပေးလိုက်မယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။
အလားတူ မော်လမြိုင်မြို့ပေါ်တွင်လည်း မဲစာရင်း ကပ်ထားသည်ကို စိတ်မဝင်စားကြကြောင်း လာရောက်ကြည့်ရှုသူလည်း မရှိသလောက် နည်းပါးကြောင်း မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
“ဒီကပ်ထားတဲ့မဲစာရင်းတောင်မပြောနဲ့၊ ရွေးကောက်ပွဲလို့ ပြောလိုက်တာနဲ့ ဘယ်သူမှလည်း စိတ်ဝင်စားနေတာ မရှိဘူး။ ဘယ်ပါတီကို မဲထည့်ရမလဲ၊ ဘယ်ကိုယ်စားလှယ်လောင်းကို မဲပေးရမယ်၊ အဲဒါကိုလည်း စိတ်မဝင်စားဘူး။ ကျနော်မှ မဟုတ်ဘူး လူတော်တော်များများက အဲဒီဟာကို စိတ်ဝင်စားမှု မရှိနေဘူး။ ရှင်းရှင်းပြောရရင် မဲထည့်ဖို့လည်း အစီအစဉ်မရှိဘူး။” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးဘက်မှာလည်း မဲစာရင်း ကြည့်သူ မရှိသည့်အတွက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တို့က အသံချဲ့စက်ဖြင့် မြို့ပတ်ကာ အကြိမ်ကြိမ် လိုက်လံနှိုးဆော်နေကြောင်း ဒေသခံတို့က ပြောသည်။
ကော့သောင်းမြို့ခံတစ်ဦးက “လောလောဆယ်တော့ ကျေးရွာတွေဘက်မှာတော့ မဲစာရင်းလိုက်ကပ်နေတာတော့ မရှိသေးဘူး။ ကော့သောင်းမြို့ပေါ်မှာပဲ မနေ့က ကပ်ထားပြီးတော့ မနေ့ညနေပိုင်း ၈ နာရီလောက်မှာ အသံချဲ့စက်နဲ့ မြို့ပတ်ပြီး လိုက်ပြီးတော့ ကြေညာနေတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲစာရင်းတွေ ကပ်ထားတယ်ဆိုတဲ့အကြောင်းတွေ၊ လာရောက်ကြည့်ရှုလေ့လာဖို့ ဆိုတဲ့အကြောင်းတွေပေါ့။ လူတွေ သိပ်ပြီးတော့ သွားမကြည့်ကြလို့ ဒီနေ့လည်း ထပ်ခါထပ်ခါ အသံချဲ့စက်နဲ့ မြို့ပတ်နေပြန်ပြီ” ဟု ပြောသည်။
စစ်ကော်မရှင်ကတော့ ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိစေရန်အတွက် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး (မပျက်မကွက်) မဲစာရင်း ကြည့်ရှုရမည်ဟု စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။
မဲဆန္ဒရှင်များအနေဖြင့် မဲစာရင်း ကြည့်ရှုပြီး မိမိအမည်မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ပြုလုပ်နိုင်ပြီး မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကပ်ထား ကြေညာသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။