spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် လူငယ် ၂၀ ဦးခန့် ဖမ်းဆီးခံထားရ

    လမိုင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီးနောက် လူငယ် ၂၀ ဦးခန့် ဖမ်းဆီးခံထားရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊လမိုင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရသည့်ရက်တွင် စစ်ကော်မရှင်အဖွဲ့မှ လမ်းသွားလမ်းလာ လူငယ် ၂၀ ဦးခန့် ဖမ်းဆီးထားပြီး မော့ကနင်အခြေစိုက် ခလရ-၁၀၆ တပ်ရင်းတွင် ယနေ့အထိ စစ်ဆေးခံနေရကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

    အမည်မသိအမျိုးသားနှစ်ဦးမှ လမိုင်းမြို့၊ မြို့မ (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီးနောက် စစ်ကော်မရှင် နယ်မြေခံရဲတပ်ဖွဲ့နှင့် တပ်သားများက လမိုင်းမြို့အပါဝင် မော့ကနင်ကျေးရွာတစ်ဝိုက်ကိုလည်း အင်အားအများအပြားဖြင့် ရှာဖွေစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်။

    စစ်ဆေးရေးတင်းကြပ်နေစဉ် သံသယရှိသူဟုဆိုကာ လမ်းသွားလမ်းလာ လူလတ်ပိုင်းနှင့် လူငယ်အရွယ် အမျိုးသား ၂၀ ဦးခန့်ကို ဖမ်းဆီးပြီး မော့ကနင်အခြေစိုက် ခလရ (၁၀၆)တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း လမိုင်းမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

    “ ပစ်သတ်ခံရတဲ့နေ့မှာပဲ သူတို့ ၁၀နာရီလောက်မှာ အင်းအားအများကြီးနဲ့ လမိုင်းရော မော့ကနင်မှာရော အဝင်အထွက်လမ်းမှန်သမျှက လိုက်စစ်ဆေးခဲ့တာ အဲနေ့မှာပဲ အသက် ၁၇၊၁၈ အရွယ် လူငယ်အယောက် ၂၀ လောက်အဖမ်းခံရတာ။ သူစစ်ဆေးတဲ့ချိန် ကိုယ်ကကြောက်နေတာနဲ့ ပြောမထွက်လို့ ဖြစ်မှာပေါ့။ သူတို့က သံသယဝင်တာ အဲ့ကြောင့် အဖမ်းခံရတာ ” ဟုပြောသည်။

    ဖမ်းဆီးခံရသူအများစုသည် လူ‌ငယ်အရွယ်များဖြစ်ပြီး လမိုင်းမြို့ခံ၊ မော့ကနင်၊ ကွမ်ကျိုက်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာဒေသခံများ ပါဝင်ကြောင်း သိရသည်။

    ဖမ်းဆီးခံရသူ လူငယ်မိသားစုဝင်အချို့မှ မော့ကနင်အခြေစိုက် ခလရ (၁၀၆) တပ်ရင်းထံ ငွေကျပ် ၅ သိန်းမှ ၁၀ သိန်းကြား သွားရောက်ပေးဆောင်ပြီးနောက်  ယမန်နေ့က ပြန်လည်လွတ်မြောက်လာသူများလည်းရှိကြောင်း ရေးဒေသခံတစ်ဦးက ဆိုသည်။

    “ ၅ သိန်း၊ ၁၀သိန်းပေးပြီး လွတ်လာတဲ့သူရှိတယ်။ ဒါပေမဲ့ ၅‌ ယောက်လောက်ပဲ လွတ်လာတာ ကျန်တာ သူတို့ဖမ်းဆီထားတုန်းပဲ။ အခြေနေဘယ်လိုလာမလဲတော့ မသိသေးဘူး။ သူတို့ကလဲ ဒီနေ့အထိ ရွာတွေမှာလိုက်ရှာပြီး စစ်ဆေးနေတုန်းပဲ” ဟု ၎င်းက ပြောသည်။

    ယနေ့တွင်လည်း မော့ကနင်ရွာရှိ အမှတ် (၃၁၇) အမြှောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေဆဲဖြစ်ကြောင်း လမိုင်းမြို့အတွင်းနှင့် အနီးနားရှိကျေးရွာများကို စစ်ကော်မရှင်တပ်ဖွဲ့များက လုံခြုံရေးတင်းကြပ်ကာ စောင့်ကြည့်နေဆဲဖြစ်သည့်အတွက် လမ်းသွားလမ်းလာအခြေအနေ စိုးရိမ်နေရသေးကြောင်းလည်း ဆိုသည်။

    ရေး၊ သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့တွင် ယခုစက်တင်ဘာလအတွင်း အုပ်ချူပ်ရေးမှူး အပါဝင် ဒေသခံပြည်သူ ၇ ဦးခန့် ပစ်သတ်ခံခဲ့ရပြီး၊ ယနေ့အချိန်ထိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ လုပ်ဆောင်ထားသည်ကို စုံစမ်းဖော်ထုတ်နိုင်ခြင်းမရှိသေးပေ။

    စစ်အုပ်ချုပ်ရေးအမိန့်မှ ဖြေလျှော့ပေးထားသော်လည်း ရေးမြို့နယ်တွင် ခိုးဆိုးလုယက်မှု၊ လုပ်ကြံသတ်ဖြတ်ခံရမှုများနှင့်  ရင်ဆိုင်နေဆဲဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် ဒေသခံပြည်သူများကို သတ်ဖြတ်နေသည့်အပေါ် လက်မခံနိုင်ကြောင်းလည်း သက်ဆိုင်ရာ မွန်ဒေသခံများက ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks