spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းဇမိမြစ်ရေလျှံတက်မှုကြောင့် မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းတွင် ရက်သတ္တပတ်ကြာသည်အထိ သွားလာရေးခက်ခဲနေ

    ဇမိမြစ်ရေလျှံတက်မှုကြောင့် မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းတွင် ရက်သတ္တပတ်ကြာသည်အထိ သွားလာရေးခက်ခဲနေ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မုဒုံ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းတွင် ဇမိမြစ်ရေလျှံတက်လာမှုကြောင့် ရက်သတ္တပတ်ကြာသည်အထိ သွားလာရေးအခက်အခဲဖြစ်နေကြောင်း ယာဉ်မောင်းနှင့် ခရီးသွားလာသူများထံမှ သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ တတိယအပတ်မှစပြီး တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသည့် “ရာဂါဆာ” မုန်တိုင်းအရှိန်ကြောင့် မွန်နှင့်ကရင်ပြည်နယ်တွင် နေရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းနေသည့်အတွက် မြစ်ရေများ စိုးရိမ်ရေအမှတ်အထိ မြင့်တက်လာခဲ့ခြင်းနှင့်အတူ ရေစီးသန်လာခဲ့သည်။

    ပုံမှန်အားဖြင့် တစ်ရက်လျှင် ကားအစီးရေ ၃၀ ဝန်းကျင်ခန့် ဖောင်ဖြင့်ကမ်းကူးပေးနေသည့် မုဒုံ-ကြာအင်းဆိပ်ကြီး- ဘုရားသုံးဆူလမ်းပိုင်းရှိ ဓနုံးဆိပ်ကမ်းတွင် မြစ်ရေအရှိန်ကြောင့် အချိန်မီကမ်းမကူးပေးနိုင်သဖြင့် ယနေ့အထိ လမ်းခရီးကြန့်ကြာမှု ဖြစ်နေကြောင်း အဆိုပါလမ်းပိုင်းတွင် ပြေးဆွဲနေသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။

    ပုံ-ဓနုံးလမ်းပိုင်းတွင် ယာဉ်များစောင့်ဆိုင်းနေပုံ(စက်တင်ဘာလ ၂၇ ရက်နေ့)

    “ဘုရားသုံးဆူကနေ ဆင်းရင်တော့ ရေလဲနဲ့ ဓနုံးမှာ တစ်ညအိပ်ရတယ်။ ဒီဘက်ခြမ်းက တစ်ရက်ကို ကားအစီးရေ ၃၀ လောက်ရှိတယ်။ အဲဒါကို ရေကကြီးနေတော့ သူတို့ဖောင်နဲ့ ဟိုဘက်ကမ်းကို ကူးပေးဖို့ အချိန်မမီနိုင်ဘူးလေ။ တစ်ခါတစ်လေ သူတို့မကူးပေးဘဲ နားလိုက်ရတာလည်း ရှိတယ်။ တချို့ကျတော့ ရေလဲမှာ ဓနုံးမှာပဲ အိပ်လိုက်တယ်။ တစ်ချို့ကတော့ ဘုရားသုံးဆူကို ပြန်တက်အိပ်လိုက်ရတာ ရှိတယ်” ဟု အထက်ပါ ယာဉ်မောင်းက ပြောသည်။

    ကမ်းကူးရန်ခက်ခဲသည့်အပြင် ဗွက်နှင့်ရွှံ့များကြောင့် လမ်းခရီးကြမ်းတမ်းကြောင်းလည်း ဆက်ပြောသည်။

    ယနေ့အထိ ဇမိမြစ်တစ်လျှောက် ရေစီးသန်နေမှုသဖြင့် မော်တော်ယာဉ်များကိုကမ်းကူးပေးရန် ဖောင်သမားများမှ ရေအတက်အကျအခြေအနေများကို စောင့်ကြည့်ပြီးမှ ကူးဖြတ်ပေးနေကြောင်း ဆိုသည်။

    “လမ်းတစ်ကြောလုံးက ရေနစ်တာတွေ မရှိဘူး။ သွားလာလို့တော့ ရတယ်။ ဒါပေမဲ့ ကားတွေက အခက်အခဲတော့ ဖြစ်တာပေါ့နော်၊ သွားရလာရတာ။ အရင်ကတော့မော်လမြိုင်ကို အစောကြီးရောက်တယ်။ အခုက ညနေမိုးတော်တော်ချုပ်မှ ရောက်တယ်။ ကားခတွေလည်း အရင်ကထက်တော့ ဈေးကြီးလာတယ်” ဟု ခရီးသည်တစ်ဦးက ပြောသည်။

    ဓနုံးလမ်းပိုင်းဖြစ်သည့်  မုဒုံ-အဘစ်-တောင်ဒီး-တောင်ပေါက်-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းတွင် တစ်ရက်လျှင် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်များ ရာနှင့်ချီ
    ဖြတ်သန်းသွားလာနေသည့်အတွက် မိုးတွင်းကာလအတွင်း လမ်းများပျက်စီးပြီး နှစ်စဉ် သွားလာရေးအခက်အခဲ ဖြစ်လေ့ရှိသည်။

    မွန်ပြည်နယ်မှ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ မော်လမြိုင်-ကျိုက်မရော-ဖာသိမ်-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်း၊ မုဒုံ-ချောင်းနှစ်ခွ-သံပုရာ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်း၊ သံဖြူဇရပ်-သက္ကော-အနန်းကွင်း- ဘုရားသုံးဆူလမ်းပိုင်းနှင့် ရေး-ဘုရားသုံးဆူ စသည့်လမ်းပိုင်းများဖြင့် ဖြတ်သန်းသွားလာနိုင်သည်။

    သို့သော် စစ်အာဏာသိမ်းကာလအတွင်း တိုက်ပွဲအခြေအနေနှင့် နယ်မြေမလုံခြုံမှုများကြောင့် ဓနုံးလမ်းပိုင်းဖြစ်သည့် မုဒုံ-အဘစ်-တောင်ဒီး-တောင်ပေါက်-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းတစ်ခုကိုသာ လက်ရှိတွင် အဓိက အသုံးပြုသွားလာနေရသည်။

    ပြီးခဲ့သည့် နွေပိုင်းကာလက ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-မော်လမြိုင်ကို ခရီးသည်တစ်ဦးလျှင် ခြောက်သောင်းကျပ်သာ ပေးဆောင်နေရသော်လည်း ယခုတွင် ကျပ်တစ်သိန်းကျော်အထိ ဈေးမြင့်တက်လာနေကြောင်း ခရီးသွားပြည်သူတို့က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks