ရေးမြို့နယ်၊ ဖာလိန်ဒေသဖြစ်သည့် ဒူးယား၊ ကူကတော၊ ပလိုင်သိမ်၊ နှီးနှူး၊ သာဂရမ်၊ အံဒင်စသည့် ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်တို့ ယခုရက်ပိုင်းအတွင်း မကြာခဏဝင်ရောက်နေခြင်းကြောင့် သတိကြီးစွာသွားလာနေရသည်ဟု ဖာလိန်ဒေသခံများက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်နေ့က ဖာလိန်ဒေသအုပ်ချုပ်ရေးမှူးနှစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့တို့က အဆိုပါဒေသဘက်သို့ အင်အားအလုံးအရင်းဖြင့် နေ့စဉ်နီးပါး ဝင်ရောက်လာခြင်း ဖြစ်သည်။
ဖာလိန်ဒေသဘက်သို့ ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်တို့သည် ဒူးယား-အံဒင်လမ်းပိုင်းနှင့် ဒူးယား-မြို့ဟောင်းကုန်း လမ်းပိုင်းနေရာတွင် ရပ်စောင့်နေပြီး လမ်းသွားလမ်းလာနှင့် ခြံသွားလာသူများကို ကြုံသလို စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

“သူတို့စောင့်နေတာက ပုံမှန်မရှိဘူး။ စောင့်ချင်တဲ့ချိန်စောင့်တယ်။ ခြုံကြားမှာ ကိုယ်ယောင်ဖျောက်ပြီး စောင့်တာရော ပေါ်တင်စောင့်တာလည်းရှိတယ်။ သူတို့ရှိနေရင် ခြံသွားတဲ့သူတွေလည်း ခြံမသွားရဲ ကြဘူး။ သွားရင် ဖမ်းသွားမှာလည်း ကြောက်ရတယ်လေ”ဟု ပြောသည်။
ထို့ကြောင့် ဖာလိန်ဒေသဘက်မှ ဒေသခံအချို့ ဥယျာဉ်ခြံလုပ်ငန်းကို ခေတ္တခဏရပ်နားထားရသလို ဒေသခံအချို့ကလည်း စစ်ဆေးရေးအခြေအနေကြည့်၍ သွားလာနေရကြောင်း ၎င်းက ဆက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ကလည်း အဆိုပါဒေသဘက်သို့ ရောက်ရှိနေသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်ဟု သတင်းအရင်းအမြစ်များအရ သိရသည်။
“ပစ်ခတ်မှုဖြစ်ခဲ့တာက ည ၈ နာရီ ၉ နာရီဝန်းကျင်လားမသိဘူး။ ရွာရဲ့ တောင်တစ်ဖက်ခြမ်း ပင်လယ်ဘက်မှာဖြစ်တာ။ ဝေးနေတော့ အသေချာလည်းမသိကြဘူး။ စကစကလည်း နေ့တိုင်းလိုလို အဲ့ဘက်ဆင်းနေတာ၊ ကြားထဲမှာ ဒေသခံတွေနဲ့ ကြောက်နေရတယ်”ဟု အထက်ပါသူက ဆက်ပြောသည်။
စစ်ကော်မရှင်တို့က ဖာလိန်ဒေသအုပ်ချုပ်ရေးမှုးများကို ပစ်သတ်သည့် သံသယရှိသူဒေသခံလူငယ် ၁၁ ဦးကို ဖမ်းဆီးထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း လွတ်လပ်သောမွန် သတင်းအေဂျင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။
အဆိုပါရေးမြို့နယ် အံဒင်ကျေးရွာအုပ်စုအတွင်း အံဒင်၊ နှစ်ကရုပ်၊ နှီးနှူး၊ အံဒင်ရွာသစ်ဓမင်းဆိပ်၊ ရေပေါ်သောင်၊ ငါးမျှားစခန်း၊ ပလိုင်သိမ်အစရှိသည် ကျေးရွာများပါရှိကြောင်းနှင့် ယင်းကျေးရွာအုပ်စုအား ဒေသအခေါ် ဖာလိန်ဒေသဟု ခေါ်ဆိုကြောင်း ဒေသခံများထံမှ သိရသည်။
ရွေးကောက်ပွဲကျင်းပရန် နီးကပ်လာခြင်းကြောင့် စစ်ကော်မရှင်မှ မွန်ပြည်နယ်အတွင်း ၎င်းတို့အုပ်ချုပ်နိုင်စွမ်းကို ပိုမိုပြသနေဖြင့် နယ်မြေစိုးမိုးမှုကိစ္စအပြင် စစ်ရေးကိစ္စ ပိုမိုတင်းမာလာနိုင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတို့က သုံးသပ်ပြောဆိုလျှက်ရှိသည်။