spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းလေးကေ့ကော်မြို့အနီး တိုက်ပွဲပြင်းထန်နေဆဲ၊ စစ်အုပ်စု အထိအခိုက်များစွာဖြင့် ရှေ့တိုးမရ

    လေးကေ့ကော်မြို့အနီး တိုက်ပွဲပြင်းထန်နေဆဲ၊ စစ်အုပ်စု အထိအခိုက်များစွာဖြင့် ရှေ့တိုးမရ

    -

    ထိုင်း-မြန်မာနယ်၊ မြဝတီမြို့ တောင်ဘက် လေးကေ့ကော်မြို့ကို သိမ်းယူရန် ကြိုးစားနေသည့် စစ်အုပ်စုက အထိအခိုက် အကျအဆုံးများနေသည့်အပြင် နှစ်ဖက် တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

    စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက နှစ်ဖက်အပြန်အလှစ်ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့သည့် လေးကေ့ကော်မြို့အနီး တိုက်ပွဲသည် ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့အထိ ပိုမိုပြင်းထန်လာခဲ့သည်။

    “တိုက်ပွဲက တော်တော်ပြင်းထန်နေတယ်။ အခု စစ်အုပ်စုဘက်က အကျအဆုံးတော်တော်များတယ်။ သူတို့(စစ်သား)တွေ ရှေ့မတိုးနိုင်ဘူး” ဟု မြေပြင်စစ်ရေးသတင်းအရင်းအမြစ်တဦးက ပြောသည်။

    လတ်တလော တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်အတွက် စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှု အသေးစိတ်ကို မသိသေးကြောင်း ၎င်းက ဆက်ပြောသည်။

    လေးကေ့ကော်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များကို မြဝတီမြို့ဆေးရုံတွင် ဆေးကုသမှုပေးနေရကြောင်း သတင်းထွက်ပေါ်နေသော်လည်း IMNA အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

    တိုက်ပွဲအတွင်း သင်္ဃန်းညီနောင် အခြေစိုက်တပ်ရင်းများမှ လက်နက်ကြီး ပစ်ကူပေးနေသည့်အပြင် ခြေလျင် စစ်ကြောင်းများမှ အင်အားအများအပြားဖြင့် ဝင်လုံးနေကြောင်း သိရသည်။

    “ဒရုန်း၊ လက်နက်ကြီးကို အဓိက သုံးတာပေါ့၊ သုံးရက်ရှိပြီးပေါ့။ သူတို့(စစ်အုပ်စု)သုံးတဲ့ ဒရုန်းတွေဆို အဆင့်မြင့်တယ်။ တိကျသေချာမှု ရှိတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။

    စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ကရင်နယ်ခြားစောင့်တပ် BGF ၏ ကူညီမှုနှင့်အတူ လေးကေ့ကော်မြို့နှင့် စစ်ရေးအရ အရေးပါသည့်နေရာများကို သိမ်းယူနိုင်ရန် ကြိုးစားနေသော်လည်း သိမ်းယူနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

    တဖက်တွင်လည်း စစ်အုပ်စုထောက်ခံသူများက လေးကေ့ကော်မြို့ကို သိမ်းယူနိုင်ပြီးဖြစ်ကြောင်း ဝါဒဖြန့် ပြောဆိုမှုများ ရှိနေသည့်အပေါ် လက်တွေ့ ပကတိအခြေအနေနှင့် ကွဲလွဲနေပြီး ယင်းနေရာကို တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း မြေပြင်ရဲဘော်များက ဆိုသည်။

    “ဒီစစ်‌အုပ်စုတွေက မဟုတ်တာတွေ ပြောနေတာ။ သူတို့ ရဲဘော်တွေ သေနေတာ အောက်ခြေမှာ ဘာမှ မသိဘူး။ ဝါဒဖြန့်နေတာပဲ” ဟု အမည်မဖော်လိုသည့် KNU လက်အောက် PDF ရဲဘော်တဦးက ပြောသည်။

    လေးကေ့ကော်တိုက်ပွဲနှင့် ပတ်သက်ပြီး ကေအဲန်ယူအပါအဝင် တော်လှန်ရေးတပ်များက သတင်းထုတ်ပြန် ထားခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks