spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမြန်မာပြည်တောင်ပိုင်းဒေသကို စစ်ကော်မရှင် ဘာကြောင့် ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေလဲ။

    မြန်မာပြည်တောင်ပိုင်းဒေသကို စစ်ကော်မရှင် ဘာကြောင့် ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေလဲ။

    -

    စစ်ကော်မရှင်မှ မြန်မာပြည်တောင်ဘက်ပိုင်း၊ မွန်-ကရင်-တနင်္သာရီရှိ ဒေသတစ်ခုနှင့်တစ်ခု နယ်နိမိတ်ထိစပ်နေသည့်  နေရာအများအပြားကို ပြီးခဲ့သည့်သြဂုတ်လမှစပြီး လက်နက်အင်အား၊ လူအင်အားအဆမတန်သုံး၍ နေ့စဉ်ထိုးစစ်ဆင်လျှက်ရှိကြောင်း မြေပြင်ရောက်တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောပြချက်အရ သိရသည်။

    ရွေးကောက်ပွဲအတွက် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်လာခြင်းဖြစ်သဖြင့် မြန်မာပြည်တောင်ပိုင်းဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်။

    ယခုစက်တင်ဘာလအတွင်း မြန်မာပြည်တောင်ပိုင်းရှိ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့်အာရှလမ်းမကြီးအပြင်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသည့် ကြာအင်းဆိပ်ကြီး ချောင်းနှစ်ခွလမ်းပိုင်းကိုလည်း  အင်အားအဆမတန်သုံး၍ ထိုးစစ်ဆင်ပြီးနောက် ထိန်းချုပ်နိုင်ခဲ့သည်။

    အထူးသဖြင့် ဒေသအတွင်းအဓိကကျသည့် လမ်းပန်းဆက်သွယ်ရေးအတွက် စစ်ကော်မရှင်တို့ ပစ်မှတ်ထားတိုက်ခိုက်နေစဥ် အမှတ်(၈) ပြည်ထောင်စုလမ်းမပေါ်ရှိ ရေး-ထားဝယ် လမ်းမကြီးကိုလည်း လက်ရှိအခြေအနေထက် အပြင်းအထန် ထိုးစစ်ဆင်ခံလာရနိုင်သည်ဟု စစ်ရေးသုံးသပ်သူတစ်ဦးကပြောသည်။

    “အဓိက Info-structure ဖြစ်တဲ့လမ်းပန်းဆက်သွယ်ရေးကိုအရင်ဆုံး ပြန်ထိန်းမယ်၊ မော်လမြိုင်ကနေ ကော့သောင်းအထိ ပြည်ထောင်စုလမ်းမကြီးကိုလည်း ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် တော်လှန်ရေးတွေအများဆုံးလှုပ်ရှားတဲ့ ဒီရေး-ထားဝယ် လမ်းမကြီးကို သူတို့ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာနိုင်မယ်။ သူတို့က ထားဝယ်ရေနက်ဆိပ်ကမ်း စီးပွားရေးဇုန်ကို အပြည့်အဝကာကွယ်ပေးနိုင်ဖို့ လုပ်ဆောင်သွားမှာ" ဟု ပြောသည်။

    လက်ရှိအနေအထားအရ ရေး-ထားဝယ်လမ်းပိုင်းပေါ်၌ စစ်ကော်မရှင်အဖွဲ့များ စစ်ရေးတောက်လျှောက်လှုပ်ရှားနေသဖြင့် လမ်းပိုင်းကို ညပိုင်းအချိန်အတွင်း အသုံးမပြုရန် တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုများမှ သတိပေးထားသည်။

    တနင်္သာရီတိုင်းနှင့်ထိစပ်နေသည့် ထိုင်းနယ်စပ်စခန်းကို ပြန်လည်ရရှိရေး ထားဝယ်ခရိုင်ရှိ မြို့နယ် ၄ ခုလုံးကို အင်အားအလွန်အကျွံဖြင့် တစ်ပြိုက်နက် စစ်ကြောင်းထိုးခံနေရသည်ဟု သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ ကိုဘွန်းကပြောသည်။

    “ ထားဝယ်ဆို လေးမြို့နယ်စလုံး စစ်ကြောင်းထိုးတယ်၊ ထားဝယ်-ထီးခီးလမ်းတစ်လျှောက်ပဲ၊ ရေဖြူဆိုရင် မလွှဲတောင်-ကံပေါက်လမ်း၊ ကံပေါက်-ကလိန်အောင်လမ်းထိုးတယ်၊ လောင်းလုံးမြို့နယ်မှာဆိုရင် နဘုလယ်ဒေသ၊ လောင်းလုံးမြို့နယ်အောက်ဘက်ပိုင်း သရက်ချောင်းမှာလည်းထိုးတယ် အင်အားလည်းအလွန်အကျွံသုံးတယ်၊ အရင်ကဆိုအဲ့လိုမျိုးတစ်ပြိုင်နက်နေရာအများအပြားကို စစ်ကြောင်းထိုးနေတာမရှိဘူး။ အဲ့လိုနဲ့တိုက်ပွဲဖြစ်တယ်။ ဖြစ်တဲ့အချိန်တိုင်း လေကြောင်းသုံးတယ် ” ဟု ပြောသည်။

    လေကြောင်း၊ ကြည်းကြောင်းနှင့် အင်အားအလွန်အကျွံသုံးလာသည့် စစ်ကော်မရှင်တပ်ဖွဲ့ကို ထိုးစစ်ဆင်ခုံခံသွားမည်ဟုလည်း မြန်မာပြည်တောင်ပိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ပြောဆိုထားသေးသည်။

    စစ်ကော်မရှင်ဘက်မှ အင်အားသုံးပြန်လည်ထိန်းချုပ်နိုင်သည့် နေရာများတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အင်အားအခိုင်အမာရှိနေသေးသည့်အတွက် စစ်ပွဲသည် အလှည့်ကျ ထိန်းချုပ်နိုင်သည့်ပုံစံဖြင့် ရေရှည်ဆက်သွားနိုင်သည်ဟုလည်း ဝါရင့်သတင်းသမားတစ်ဦးက သုံးသပ်သည်။

    “တချို့နေရာတော့ ပြန်ပေးရတဲ့အနေအထားရှိတယ်။ ဒါပေမဲ့ ပူးပေါင်းအဖွဲ့က ပျောက်ကျားစစ်ပုံစံနဲ့တိုက်ရင် သူတို့ရထားတဲ့နေရာတွေကမနေနိုင်ဘူး။ ဒါက မွန်တစ်ခုတည်းမဟုတ်ပဲ ကရင်ရောပါဝင်တယ်။ စစ်တပ်က အင်အားသုံးပြီးတိုက်တယ်ဆိုပေမဲ့ ဒီဘက်ပူးပေါင်းတပ်တွေကလည်း သူ့မှာအင်အားကောင်းတွေရှိနေသေးတယ်။ အဲဒီတော့ သူတစ်လှည့် ကိုယ်တလှည့်ပုံစံနဲ့ စစ်ပွဲက ဒီအတိုင်းပဲသွားနေအုံးမယ်” ဟု ပြောသည်။

    ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့် လမ်းပိုင်းများကို အမြန်ဆုံးဖွင့်လှစ်မည်ဟု စစ်ကော်မရှင်ဘက်မှ ပြောဆိုထားသော်လည်း လုံခြုံရေးအခြေအနေအရ လမ်းပိုင်းတစ်ချို့တစ်ဝက်ကိုသာ ဖွင့်လှစ်နိုင်ပြီး ခရီးသွားလာသူများ ဖြတ်သန်းသွားလာမှု မရှိနေကြောင်းလည်း သိရသည်။

    တစ်ဖက်အင်အားစုအဖွဲ့များနှင့် ထိပ်တိုက်မှုများအကြား မြန်မာပြည်တောင်ပိုင်းရှိ ဒေသခံများ ယခင်ကထက်ပဋိပက္ခ၏ ဆိုးကျိုးကိုခံရနိုင်သည်ဟု မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်းတာဝန်ခံက ပြောသည်။

    “ ထိပ်တိုက်မှုတွေကြားမှာ ပြည်သူတွေ အရင့်အရင်ကထက် ပိုပြီးပဋိပက္ခရဲ့ ဆိုးကျိုးကို ပိုခံရဖွယ်ရှိတယ်။ အခုလည်း စစ်အုပ်စု control focus မဖြတ် တဲ့ ဒေသတွေဆို လေကြောင်းတိုက်ခိုက်မှုတွေ ပိုလုပ်တာတို့၊ စားနပ်ရိက္ခာဖြတ်တောက်မှုနဲ့ နယ်မြေကန့်သတ်မှုအပါအဝင် ဖြတ်၄ဖြတ်မှုတွေပိုချိုး ဖောက်လာတာတွေ ပိုများလာတယ်” ဟု ပြောသည်။

    ပြီးခဲ့သည့် သြဂုတ်လအတွင်း  မွန်၊ကရင်နှင့် နင်္သာရီဒေသများအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှု တိုးမြင့်လာပြီး တစ်လအတွင်း မတရားဖမ်းဆီးခံရမှု (၁၅၂)မှု၊ ချုပ်နှောင်ထိန်းသိမ်းခံရမှု (၁၀၅)မှု၊ ထိခိုက်ဒဏ်ရာရရှိမှု(၉၂)မှုနှင့် မတရားသတ်ဖြတ်ခံရမှု (၃၈)အမှုအထိ ဖြစ်ပွားခဲ့သည်ဟု မှတ်တမ်းတင်ဖော်ပြထားသည်။

    ယခုစက်တင်ဘာလတွင်လည်း စစ်ကော်မရှင်မှ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်အမျိုးမျိုးသုံး၍ တရစပ်ထိုးစစ်ဆင် တိုက်ခိုက်မှုများကို နေ့စဉ်လုပ်ဆောင်နေဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks