spot_img
Wednesday, September 24, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့ကို စစ်ကော်မရှင်စစ်ကြောင်းများ ဦးတည်နေလား

    ဘုရားသုံးဆူမြို့ကို စစ်ကော်မရှင်စစ်ကြောင်းများ ဦးတည်နေလား

    -

    ယခုရက်ပိုင်းအတွင်း မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းနှင့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းတို့ကို စစ်ကော်မရှင်တပ်က အင်အားဖြည့် စစ်ကြောင်းထိုးဝင်လာပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်၏ စစ်ကြောင်းများ ထိုးဝင်လာမှုကြောင့် အဆိုပါလမ်းပိုင်းများအနီးတစ်ဝိုက်ရှိကျေးရွာများက ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ကြရသလို အချို့ကျေးရွာတို့မှာလည်း ထွက်ပြေးတိမ်းရှောင်ရန် အခြေအနေစောင့်ကြည့်နေကြသည်။

    ယခင်နှစ်ကတည်းက သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းရှိ ရဲတံခွန်၊ ဇီးနှစ်ပင်ရွာအနီးတို့တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်မှ အင်အား ၁၀၀ ကျော်ဖြင့် ယခု စက်တင်ဘာလ ၂၁ ရက်နေ့ကစ၍ အနန်းကွင်းဗျူဟာတပ်စခန်းသို့ အင်အားဖြည့်တင်းရန် ချီတက်လာခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။

    “အဲဒီစစ်ကြောင်းက မနေ့က အနန်းကွင်းကို ရောက်လာပြီလို့ ကြားတယ်။ လောလောဆယ် တော့ အခြေအနေတွေက ငြိမ်နေတယ်” ဟု အနန်းကွင်းဒေသရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

    မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းတွင်လည်း ယခု စက်တင်ဘာလ ဆန်းပိုင်းက စပြီး အင်အားဖြည့်တင်းထားသည့် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်။

    လက်တလောအခြေအနေတွင် မုဒုံ-ချောင်းနှစ်ခွ – ကြာအင်းဆိပ်ကြီးလမ်းပိုင်းပေါ်ရှိ သံပုရာကျေးရွာထဲကို စစ်ကော်မရှင်စစ်ကြောင်းများက ဝင်ရောက်နိုင်ခဲ့ပြီး ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းပိုင်းသို့ ဆက်လက်ချီတက်ရန် ပြင်ဆင်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

    “သူတို့စစ်ကြောင်းက သံပုရာကျေးရွာ ဇမိမြစ်ရဲ့ ဟိုဖက်ကမ်းမှာ ရောက်လာကြတယ်။ အခု သူတို့ရဲ့စစ်ကားတွေက ဟိုသွား ဒီသွားလုပ်နေတယ်။ အများကြီးပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    စစ်ကော်မရှင်တပ်သည် ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းရှိ သံပုရာကျေးရွာမှတဆင့် ကြာအင်းဆိပ်ကြီးမြို့ကိုလည်းကောင်း၊ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းရှိ ရဲတံခွန်၊ ဇီးနှစ်ပင်၊ လွှတ်ရှမ်းရွာမှတဆင့် အနန်းကွင်းဗျူဟာကုန်စခန်းကိုလည်းကောင်း အင်အားဖြည့်တင်း၍ အပြည့်အဝထိန်းချုပ်နိုင်ရန် ကြိုးစားနေသည်ဟု သိရသည်။

    ထိုမှတဆင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်ထားသည့် တောင်းစွန်တပ်စခန်းနှင့် နယ်စပ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့တို့ကို စစ်ကြောင်းထိုးနိုင်သည့်အခြေအနေရှိကြောင်း ပြောဆိုသုံးသပ်နေကြသည်။

    “သူတို့(စစ်ကော်မရှင်တပ်) က အနန်းကွင်းကနေ ထိုးတက်လာမယ်။ ဒီဘက်ခြမ်း ကြာအင်းဆိပ်ကြီးဘက်ကနေလည်း ထိုးတက်လာမယ်။ နှစ်လမ်းလုံးကနေ တစ်ခါတည်း ဘုရားသုံးဆူဘက်ကို ထိုးလာကြလိမ့်မယ်။ အခုလည်း သူတို့က သံပုရာဘက်က ဒါလီ တံတားကို ပြင်နေတယ်လို့ ကြားထားတယ်။ ချောင်းနှစ်ခွမှာလည်း ကူးလို့ရအောင် လုပ်နေတယ်။ ဒီဘက်ခြမ်း လွှတ်ရှမ်းမှာလည်း သူတို့အင်အားများနေတယ်။ ကျနော်တို့လည်း လမ်းနှစ်ဖက်စလုံးကို စစ်မျက်နှာဖွင့်ထားတယ်။ ဘုရားသုံးဆူရောက်ဖို့က သူတို့အတွက် မလွယ်ကူနိုင်ဘူး” ဟု ဘုရားသုံးဆူဒေသရှိ တော်လှန်ရေးတာဝန်ရှိသူက ပြောသည်။

    လက်ရှိအချိန်တွင် ထိုင်း-မြန်မာနယ်စပ် တရားမဝင်ပေါက်မြို့ဖြစ်သည့် ဘုရားသုံးဆူကို NCA လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) မှ ဗိုလ်အေဝမ်း ဦးဆောင်သည့်အဖွဲ့တို့က ထိန်းချုပ်ထားသည်။

    ထိုကြောင့် ဘုရားသုံးဆူမြို့ထဲကို စစ်ကော်မရှင်တပ်မှ ဆက်လက်စစ်ကြောင်းထိုး ဝင်ရောက်လာမည့်သတင်းထွက်ပေါ်နေသည့်အတွက် ထိတွေ့တိုက်ပွဲများဖြစ်ပွားလာမည်ကို ဒေသခံပြည်သူများက သတိကြီးစွာဖြင့် စောင့်ကြည့်နေကြရသည်။

    “အခုက (ဘုရားသုံးဆူ) ရှမ်းကုန်းဘက်မှာ နေရာကြိုငှားထားတဲ့လူတွေလည်း ငှားထား ကြတယ်။ တစ်ချို့တွေလည်း နေရာရွှေ့နေကြတယ်လို့ ကြားထားတယ်။ DKBA လမ်းဖွင့်ပေး ရင်တော့ အဲဒီစစ်ကြောင်းတွေက ဘုရားသုံးဆူကို ခဏလေးနဲ့ ရောက်လာနိုင်တယ်” ဟု ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။

    အလားတူ စစ်ကော်မရှင်တပ်သည် ၎င်းတို့ဆုံးရှုံးထားသည့် မြဝတီတောင်ပိုင်းဒေသရှိ လေးကေကော်မြို့သစ်နှင့် ကိုးတိုင်-ကြာအင်းဆိပ်ကြီးလမ်းကြောင်းဘက်တို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်အင်အားဖြည့်တင်း၍ ကြိုးပမ်းလုပ်ဆောင်နေသည်ဟု ကေအိုင်စီသတင်းဌာနတွင် ရေးသားထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,100SubscribersSubscribe
    spot_img

    Latest posts