spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းလေးကေ့ကော်မြို့သိမ်းဖို့ ကြိုးစားနေသည့် စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲပြင်းထန်နေ

    လေးကေ့ကော်မြို့သိမ်းဖို့ ကြိုးစားနေသည့် စစ်အုပ်စုနဲ့ တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲပြင်းထန်နေ

    -

    ကရင်တော်လှန်ရေးပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်ကို ဝင်ရောက်သိမ်းယူနိုင်ရန် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်များနှင့် ဒေသခံများထံမှ သိရသည်။

    ကရင်နယ်ခြားစောင့်တပ် BGF/KNA အကူအညီဖြင့် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုသည် ယမန်နေ့ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် လေးကေ့ကော်မြို့အနီးသို့ ရောက်ရှိလာသည်။

    ယနေ့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတော့ လက်နက်ကြီးပစ်ကူများဖြင့် လေးကေ့ကော်မြို့သစ်ကို ပြန်လည်သိမ်းယူနိုင်ရန် ကြိုးစားနေသည်။

    “လက်နက်ကြီးအသံက ကြားနေရတာ အရင်မတိုင်ခင်နေ့ကတည်းကပဲ ဒီနေ့မနက်မှ မဟုတ်ဘူး၊ ဒီမနက်အစောပိုင်းကတော့ လက်နက်ကြီးတွေ ပစ်နေတာ ဆက်တိုက်ထပ်ကြားတယ်ပေါ့၊ ရွာအနားမှာ ရောက်နေပြီးလို့ပဲ သိထားတယ်” ဟု မြဝတီမြို့ပေါ်တွင် တိမ်းရှောင်နေသည့် လေးကေ့ကော်မြို့ခံတဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    မြဝတီမြို့တောင်ဘက် ၉ မိုင်အကွာတွင် ရှိသည့် လေးကေ့ကော်မြို့သည် အာဏာသိမ်းအစောပိုင်းကာလတွင် CDM ဝန်ထမ်းများအပါအဝင် နွေဦးတော်လှန်ရေးတွင် ပါဝင်ခဲ့သူများ တိမ်းရှောင်ခဲ့ရသည့် မြို့တခု ဖြစ်သည်။

    ယင်းမြို့ကို စစ်အုပ်စုက အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်မှုများ မကြာမကြာ ပြုလုပ်လေ့ရှိသော်လည်း ၂၀၂၄ ခုနှစ် အောက်တိုဘာလကုန်ပိုင်းတွင် လေးကေ့ကော်မြို့ကို ကရင်ပူးပေါင်းတပ်တို့က အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။

    သို့သော် အခုလ ပထမအပတ်ထဲတွင် သင်္ဃန်းညီနောင်အပါအဝင် ကော့ကရိတ်-အာရှလမ်းပိုင်းနေရာအချို့ကို စစ်အုပ်စုက ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် လေးကေ့ကော်မြို့သစ်ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက ထပ်မံကြိုးစားလာခြင်း ဖြစ်သည်။

    “သူတို့အင်အားက များတယ်၊ အဲဒီရွာအနားမှာ ရှိနေတာ၊ အခုထိတော့ မဝင်နိုင်သေးဘူး” ဟု မြဝတီမြို့ တောင်ဘက်တွင် လှုပ်ရှားသည့် PDF ရဲဘော်တဦးက ယနေ့ စက်တင်ဘာလ ၂၂ ရက် မနက် ၉ နာရီခန့်က ပြော သည်။

    လက်ရှိ လေးကေ့ကော်မြို့အနီးတွင် စစ်အုပ်စုစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား အပြန်အလှန် ပစ်ခတ်မှုရှိနေပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    နှစ်ဖက်စစ်ရေးသည် ပိုမိုပြင်းထန်လာသည့်အခြေအနေတွင် ရှိနေသည့်အတွက် အသေးစိတ်ကို ဖြေဆိုရန် ငြင်း ဆန်ခဲ့သည်။

    လေးကေ့ကော် စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU တာဝန်ရှိသူများထံ IMNA က ဆက်သွယ်မေး မြန်းခဲ့သော်လည်း လက်ခံဖြေကြားပေးခြင်း မရှိသေးပေ။

    စစ်ရေးဗျူဟာအရ အရေးပါသည့် လတ်ခတ်တောင်ကို ယခုလအတွင်း ပြန်ထိန်းချုပ်ထားသည့် စစ်အုပ်စုသည် မေတ္တာလင်းမြိုင်၊ မယ်ထော်သလေး အစရှိသည့် နေရာတလျှောက်တွင် အင်အား ငါးရာနီးပါးဖြင့် စုဆောင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် လေးကေ့ကော်ဘက်ကို စစ်ကြောင်းထိုးလာသည်ဟု နောက်ထပ် စစ်ရေးသတင်းအရင်းအမြစ် တဦးက ပြောသည်။

    “လတ်ခတ်တောင်နဲ့ နေရာတချို့ကို သူတို့(စစ်အုပ်စု) သိမ်းယူပြီးတော့ BGF အကူအညီနဲ့ သွင်းလာတဲ့အင်အားတွေ ဒီမေတ္တာလင်းမြိုင်နဲ့ လေးကေ့ကော်သွားတဲ့လမ်းတလျှောက်မှာ အရင်နေ့တွေကတည်းက စစ်အုပ်စုက စုစည်းထားတာ၊ ပြီးတော့ စစ်ကြောင်း ဝင်နေတာ ကြာပြီး၊ အခု ဒီနေ့ထပ်ကြားတာတော့ အဲဒီစစ်ကြောင်းတွေကပဲ လေးကေ့ကော်အနားရောက်ပြီး တိုက်ပွဲ ပြင်းထန်နေတယ်တဲ့” ဟု ၎င်းက ပြောသည်။

    တိုက်ပွဲဖြစ်ပွားနေသည့် လေးကေ့ကော်အနီးတဝိုက်တွင် စစ်အုပ်စု၏ လေယာဉ်ပျံဝဲမှုများ ရှိနေသော်လည်း လေကြောင်းတိုက်ခိုက်မှု ရှိ၊ မရှိကို မသိရသေးပေ။

    ထို့အပြင် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်များ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း အသေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်။

    မြဝတီမြို့တောင်ဘက်ကို စစ်ကြောင်းထိုး စတင်ဝင်ရောက်သည့် စက်တင်ဘာလပထမအပတ်ကတည်းက လေးကေ့ကော်မြို့အပါအဝင် အနီးပတ်ဝန်းကျင်တွင် နေထိုင်သည့် ဒေသခံအများစု ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks