Tuesday, March 31, 2026
More
    spot_img
    Homeသတင်းလောင်းလုံးမြို့နယ်တွင် ဒေသခံအသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

    လောင်းလုံးမြို့နယ်တွင် ဒေသခံအသက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ရာဟောင်းဝရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်တပ်မှ ဒေသခံ အသက်ကြီးပိုင်းအမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့သည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

    ထားဝယ်မြို့မှ လောင်းလုံးမြို့နယ်ဘက်သို့ ဝင်ရောက်သည့် အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်ယာဉ်တန်းသည် ရာဟောင်းဝရွာအတွင်းသို့ ရောက်ရှိလာပြီး  အဆိုပါစစ်ကော်မရှင်စစ်ကြောင်းကို နေအိမ်မှလှမ်းကြည့်စဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။

    ပစ်ခတ်ခံရသည့် ဒေသခံအသက်ကြီးပိုင်းအမျိုးသမီးသည် အသက် ၈၂ အရွယ်ရှိသည့် ဒေါ်ခင်ညိုဆိုသူဖြစ်ကြောင်း၊ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေးသတင်းအရင်းမြစ်တစ်ဦးက IMNA ကို ပြောသည်။

    “လောင်းလုံးအထက်ဘက်မှာက စစ်ကြောင်းဝင်နေတုန်းပဲ။ မနေ့က အဖွားအိုတစ်ယောက်ကို ပစ်သတ်လိုက်တယ်။ စစ်ကြောင်းလာတာ ကြည့်လို့ပစ်လိုက်တာ ပြောကြတာပဲ။ မနေ့ညကလည်း အင်အားထပ်တိုးထားတယ်”ဟု ၎င်းက ဆိုသည်။

    အဆိုပါ စစ်ကော်မရှင်ယာဉ်တန်းသည် လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များထံ ကြားဖြတ်တိုက်ခိုက်ခံရခြင်းကြောင်း ထားဝယ်မြို့ဘက်သို့ ပြန်လည်ဆုတ်ပြေးသွားခဲ့ရသည်ဟုလည်း သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့က ထားဝယ်မြို့ပေါ်ရှိတပ်စခန်းများမှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သားများသည် ရာဟောင်းဝရွာရှိ ဘုန်းကြီးကျောင်းတွင် စခန်းချနေထိုင်နေသည်။

    လက်ရှိအချိန်အထိ ကျေးရွာခံအများစု ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခြင်း မရှိသော်လည်း လုံခြုံမှုမရှိသည့်အခြေအနေများကြောင့် အိမ်ထောင်စုအများအပြား ပေါင်းစည်း၍ အုပ်စုဖွဲ့နေထိုင်နေကြရသည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်း တိုက်ပွဲပြင်းထန်ရာနေရာနှင့် စစ်ကော်မရှင်အဖွဲ့တို့ စခန်းချ၊စစ်ကြောင်းထိုးရာနေရာများတွင် ဒေသခံအမျိုးသမီးငယ်များအပါအဝင် အသက်ကြီးပိုင်းအမျိုးသမီးများ မုဒိန်းကျင့်ခံရမှုနှင့် သတ်ဖြတ်ခံရမှုများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

    မြန်မာအမျိုးသမီးသမဂ္ဂအဖွဲ့၏ အချက်အလက်များအရ အကြမ်းဖက်စစ်အုပ်စုမှ လူအခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး ပြီးခဲ့သည့် သြဂုတ်လအတွင်း အမျိုးသမီး (၇၃) ဦး အသက်သေဆုံးခဲ့ရပြီး (၈၀) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းလည်း ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks